DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် တရားမဝင်မြန်မာအလုပ်သမားများကို ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးနေ
DVB
·
January 30, 2026
ချင်းမိုင်တွင် တရားမဝင်မြန်မာအလုပ်သမားများကို ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးနေ
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မြို့မှာ ထိုင်းအာဏာပိုင်တွေက တရာမဝင် မြန်မာအလုပ်သမားတွေကို ပိုက်စိပ်တိုက် စစ်ဆေးနေပြီး ဖမ်းဆေးအရေးယူတာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံရဲချုပ်ရဲ့ လမ်းညွှန်ချက်အရ နိုင်ငံအတွင်း ဥပဒေချိုးဖောက်တာတွေ၊ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို အမြစ်ပြတ်နှိမ်နှင်းရေး ဆိုတဲ့ ခေါင်းစဥ်နဲ့ ချင်းမိုင်မှာ မြန်မာဆိုင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရှိတဲ့ လုပ်ငန်းခွင်တွေ၊ အိမ်တွေအထိပါ ပိုက်စိပ်တိုက် စစ်ဆေးနေပြီး ဖမ်းဆီးအရေးယူခံနေရတာတွေ ကြုံနေရပြီလို့ ချင်းမိုင်မြို့နေ မြန်မာတွေက DVB ကို ပြောပါတယ်။

ပုံမှန်အချက်အလက် စစ်ဆေးတာအပြင် မြန်မာဆိုင်တွေကို ဝင်ဖမ်းတဲ့အခါ ထိုင်းရှေ့နေတွေပါ ခေါ်လာပြီး အခွန်မဆောင်တဲ့ ရောင်းကုန်တွေ တွေ့ရင် ချက်ချင်းဒဏ်ငွေဆောင် ဖမ်းဆီးတာတွေ လုပ်နေတာလို့ ချင်းမိုင်မြို့နေ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“စစ်နေကျက ပုံမှန်အတိုင်း စစ်နေတာထက်ကို ပိုတယ်။ အဖွဲ့အစည်းပေါင်းစုံပါ ပါလာတယ်။ တချို့ဆို‌ ရှေ့နေတွေပါ ပါလာတယ်။ နောက်ပြီးတော့ အဓိက ဖမ်းရတဲ့ အကြောင်းအရင်းက အလုပ် လက်ရှိလုပ်နေတဲ့အလုပ်နဲ့ Work permit ထဲမှာရှိတဲ့ အလုပ်အမျိုးအစား မတူလို့ရှိရင် ဖမ်းပါတယ်။”

ဇန်နဝါရီ ၂၇ ရက်က ချင်းမိုင်မြို့၊ စရီဖမ်းရပ်ကွက်ထဲက ဆိုင်တဆိုင်ကို ဝင်ရောက်စစ်ဆေးရာ အလုပ်သမားကတ် (Work Permit) ရှိပေမဲ့ ပါမစ်ထဲမှာ ခွင့်ပြုထားတဲ့ အလုပ်နဲ့ လက်ရှိအလုပ် မကိုက်ညီတာကြောင့် မြန်မာနိုင်ငံသားတယောက် အဖမ်းခံခဲ့ရပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာ မယ့်ရင်ခရိုင်အတွင်းက ဈေးတခုမှာ မြန်မာအလုပ်သမား ၂ ယောက်ဟာ အလုပ်သမားလက်မှတ် ရှိပေမဲ့ ခွင့်ပြုချက်မရှိတဲ့ ယာဉ်မောင်းအလုပ်ကို လုပ်ကိုင်နေတာကြောင့် သတ်မှတ်ချက်ထက် ကျော်လွန်လုပ်ကိုင်မှုနဲ့ အရေးယူ ဖမ်းဆီးခံခဲ့ရပါတယ်။

ချင်းမိုင်မှာ ဒီရက်ပိုင်း အခုလို အဖမ်းဆီး စစ်ဆေးတင်းကျပ်နေတဲ့ အချိန်မှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိနေတဲ့ အယုဒ္ဓယ၊ မဟာချိုင်နဲ့ မဲဆောက်မြို့တွေမှာ ထိုင်းလူမျိုးနဲ့ မြန်မာလူမျိုးတွေအကြား ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားနေမှုကို လျှော့ချရေးအတွက် ၁၄ ရက်ကြာ ငြိမ်သက်စွာ နေထိုင်တဲ့ ကမ်ပိန်းပြုလုပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒါကြောင့် ချင်းမိုင်မှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အထောက်အထားအစုံ ရှိတာတောင် ရှောင်တခင် ဝင်စစ်တာကို ဂရုစိုက်နေရသလို နှုတ်ခမ်းမွေးလို့ လူသိများတဲ့ ထိုင်းမျိုးချစ်ရန်ကိုလည်း သတိထားနေရတယ်လို့ ဆိုပါတယ်။

ချင်းမိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်က “လက်ရှိအနေအထားအရ အဓိက စိုးရိမ်ရတာက လုံခြုံရေးပဲ။ ကျနော်တို့ ကြားထားတဲ့ သတင်းတွေအရဆိုရင် အထောက်အထား ဘယ်လောက်ပဲ စုံလင်စွာ ရှိနေပါစေဦး၊ မြန်မာမှန်တာနဲ့ ရန်လိုမှုတွေ၊ တိုက်ခိုက်မှုတွေက နေရာတိုင်းမှာ အလိုလို ကြားနေရတဲ့အတွက် ကျနော်တို့ အဓိက လုံခြုံရေးကတော့ စိုးရိမ်စရာ အနေအထားတခု ရှိနေတယ်လို့ ခံစားရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ချင်းမိုင်မှာ ကျင်းပနေတဲ့ ဆောင်းရာသီပွဲတော်ကို နှောင့်ယှက်ဖို့ ကြံစည်နေတဲ့ မြန်မာလူငယ် ၂၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ အပြင် ဇန်နဝါရီ ၂၇ ရက်က ချင်းမိုင်မြို့မှာ ညဘက် စစ်ဆေးရေးလုပ်နေတဲ့ ထိုင်းရဲကို လူငယ်တယောက်က သေနတ်နဲ့ပစ်ပြီး ပြေးသွားတဲ့အတွက် လက်ရှိ ချင်းမိုင်မှာ နေ့ရောညပါ စစ်ဆေးမေးမြန်းတာတွေ ပိုလုပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒါကြောင့် အခုလိုအခြေအနေမျိုးမှာ ချင်းမိုင်မှာရှိနေတဲ့ မြန်မာအချင်းချင်း ညအချိန်မတော် အပြင်သွားတာတွေ သတိထားဖို့နဲ့ သက်သေခံကတ်တွေကို ကိုယ်နဲ့မကွာ ဆောင်သွားဖို့ အချင်းချင်း တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

ချင်းမိုင်မြို့နေ မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်က “လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ ရောက်သွားတဲ့အခါမှာ ဆိုရင်တော့ ပိုပြီးတော့ ခက်ခဲတယ်၊ ပိုပြီးတော့ ကျပ်တည်းတယ်၊ ပိုပြီးတော့ ရှုပ်ထွေးတယ်။ အဲ့တော့ ဒီလိုအခြေအနေမျိုးလို့ ယူဆတဲ့အတွက် ပိုပြီးတော့ စိတ်ပူရတယ်၊ စိတ်ရှုပ်ရတယ်။ တချို့ဟာတွေက သတင်းတွေလည်းကြည့် မြေပြင်အခြေအနေတွေလည်း ထဲထဲဝင်ဝင်သိအောင် လေ့လာသင့်တယ်လို့ ထင်တယ်။ အဲဒါဆိုရင် ခုနကလို တချို့ဟာတွေက သေးသေးလေးလား အကြီးကြီးလား ဆိုတာမျိုးတွေ လက်တွေ့ သိနိုင်မယ်ထင်တယ်” လို့ ပြောပါတယ်။

ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ ၁၄ ရက်ကြာ ငြိမ်သက်စွာနေထိုင်တဲ့ ကမ်ပိန်း လုပ်နေတဲ့ ကာလအတွင်း ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ဆူညံတာတွေ၊ လမ်းဘေးမှာ အုပ်စုဖွဲ့ အရက်သောက်တာ၊ အပြင်မှာရော လူမှုကွန်ရက်တွေမှာပါ အမုန်းစကားတွေ မပြောဖို့နဲ့ ဥပဒေနဲ့မညီတဲ့ ကိစ္စတွေ ပါဝင်ပတ်သက်တာတွေ မလုပ်ဖို့ ထိုင်းရောက် မြန်မာအချင်းချင်း တိုက်တွန်းနှိုးဆော်နေကြပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013