DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်တပ်က တရက်တည်း ၁၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်
DVB
·
January 30, 2026
မြိုင်မြို့နယ်တွင် စစ်တပ်က တရက်တည်း ၁၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၉ ရက် တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ ပါရာမော်တာ ၂ စီးနဲ့ တွင်းမ ပျူရွာမြောက်ဘက်နားကို ဗုံး ၂ ကြိမ် ကြဲသွားတယ်။ ညနေ ၅ နာရီလောက်မှာ မြိုင်အနောက်တောင်ဘက် နှင်းဆီကန်ရွာတွေဘက်ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၁၃ လုံးလောက် ထပ်​ကြဲသွားတာပါ” လို့ ပြောပါတယ်။

မြိုင်မြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ တွင်းမ ပျူစောထီးကျေးရွာအနီးကို ဗုံးတွေ ကြဲချသွားတဲ့ ပါရာမော်တာ ၂ စီးဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲကနေ တက်လာတာဖြစ်ပြီး နှင်းဆီကန်ကျေးရွာဘက်ကို ဗုံးတွေကြဲချသွားတဲ့ ဂျက်ဖိုက်တာ ၃ စီးဟာ တံတားဦးလေတပ်ကနေ တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြိုင်အခြေစိုက် လက်နက်ကြီးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “တွင်းမ ပျူရွာ​မှာ အင်အား ၂၀၀ ကျော်လောက်ပါတဲ့ စကမ စစ်ကြောင်း ရှိနေတယ်။ နယ်မြေကြိုရှင်းပေးတဲ့သဘောနဲ့ ဗုံးလာကြဲတာလို့ ​ယူဆရတယ်။ ​ရန်သူစစ်ကြောင်း ရှိနေသေးတော့ ပျက်စီးတဲ့ မြေပြင်အခြေအနေကို မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကလည်း တွင်းမ ပျူစောထီးကျေးရွာ​မှာ အထိုင်ချ တပ်စွဲနေတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ​စစ်ဘေးရှောင်တွေရဲ့ ယာယီတဲအ​ဆောက်အအုံတွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း မြိုင်မြို့နယ်ထဲက နှောပင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် စပါးကျီတွေနဲ့ နွားတင်းကုတ်တွေ အပါအဝင် လူနေအိမ် စုစုပေါင်း ၁၁၅ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013