
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပိတ်ထားရတဲ့ လမ်းဘေးဈေးသည်တွေ တပတ်ကျော် ကြာတဲ့အထိ ပြန်ဖွင့်ခွင့်မရသေးဘူးလို့ ဈေးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သြဂုတ် ၁၀ ရက်ကနေ စတင်ပိတ်ထားခဲ့တဲ့ လမ်းဘေးဈေးသည်တွေကို ဒီနေ့ သြဂုတ် ၂၅ ရက်ဆိုရင် ၁၆ ရက် ကြာမြင့်ပြီဖြစ်ပါတယ်။
ဈေးဆိုင်တွေ ပိတ်ထားရတာ ၁၀ ရက်ကျော်ကြာပြီဖြစ်တဲ့အတွက် စားဝတ်နေရေးကို ထိခိုက်မှု ရှိလာတယ်လို့ ပြောပါတယ်။
ရန်ကုန် ၃၆ လမ်းရှိ ထမင်းပေါင်းဆိုင်က “အစက တပတ်ပဲပိတ်ရမယ်လို့ ပြောတယ်။ အခုကျတော့ မဟုတ်ဘူး။ သူတို့ပြောမှ ပြန်ဖွင့်ရမယ်တဲ့။ စျေးရောင်းမှစားရတာလေ။ ရေရှည်ဆိုရင်တော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
ရန်ကုန်ရဲ့ မြို့နယ်တော်တော်များများမှာ ဝမ်းရောဂါကူးစက်မှုနှုန်း မြန်နေပြီး သေဆုံးသူ ၅ ယောက် အထက် ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမည်မဖော်လိုသူ Non-CDM ဆရာဝန် တယောက် ပြောကြားချက်အရ သိရပါတယ်။
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁,၀၀၀ ကျော်လာပြီး သေဆုံးသူတွေကို ချက်ခြင်း သင်္ဂြိုဟ်ခိုင်းတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ခန့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၅၀၀ ရှိတယ်လို့ လွှတ်တော်မှာ ပြောကြားထားပါတယ်။











