
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကလေးငယ်တွေအတွက် အစိုးရက ထောက်ပံ့မဲ့ ရင်းနှီးမြှုပ်နှံမှု ငွေစာရင်းတမျိုးကို ဇန်နဝါရီ ၂၈ ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
“ထရမ့်ပ်ငွေစာရင်း” (Trump Accounts) လို့ခေါ်တဲ့ ဒီအစီအစဉ်အရ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးငယ်တိုင်းအတွက် အစိုးရက အမေရိကန်ဒေါ်လာ ၁,၀၀၀ စီ မတည်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး “နောင်လာမဲ့ မျိုးဆက်သစ်တွေကို အလကား ပေးကမ်းနေတာမျိုး မဟုတ်ဘဲ အမေရိကန်ရဲ့ အနာဂတ်ပိုင်ဆိုင်ခွင့်ကို ပေးအပ်နေတာဖြစ်တယ်” လို့ သမ္မတ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
သမ္မတနဲ့ ရီပတ်ဘလီကန်ပါတီဟာ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ဆွဲဆောင်နိုင်ဖို့ ဒီအစီအစဉ်ကို အချိန်မီ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
ဒီငွေစာရင်းတွေကို လာမဲ့ ဇူလိုင် ၄ ရက်မှာ တရားဝင် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး လက်ရှိမှာ မိသားစုပေါင်း ၅ သိန်းကျော် စာရင်းပေးသွင်းထားပြီလို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။
မိဘတွေ၊ အလုပ်ရှင်တွေ အနေနဲ့ အစိုးရမတည်ငွေအပြင် ကလေးတယောက်စီအတွက် တနှစ် ဒေါ်လာ ၅,၀၀၀ အထိ ထပ်မံထည့်ဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
Dell Technologies ထူထောင်သူ မိုက်ကယ်ဒဲလ်နဲ့ ဇနီးဖြစ်သူတို့ကလည်း ဒီအစီအစဉ်အတွက် ဒေါ်လာ ၆ ဘီလီယံကျော် လှူဒါန်းထားပြီး အဲဒီငွေကို ဝင်ငွေနည်းပါးတဲ့ ကလေးတွေအတွက် ထပ်ဆောင်း ထောက်ပံ့သွားမှာပါ။
ဒီငွေစာရင်းတွေဟာ ကလေးတွေ အသက် ၁၈ နှစ်ပြည့်တဲ့အထိ ရေရှည်စုဆောင်းပေးထားမှာဖြစ်ပြီး မျိုးဆက်သစ်တွေရဲ့ ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Source: Reuters










