DVB Logo
Home
ဆောင်းပါး
ကျမတို့ ရိုဟင်ဂျာတွေအတွက် အချိန်သိပ်မကျန်တော့ပါ
DVB
·
January 29, 2026
ကျမတို့ ရိုဟင်ဂျာတွေအတွက် အချိန်သိပ်မကျန်တော့ပါ
Donate to DVB

ရှင်တို့ ကျမတို့ရိုဟင်ဂျာတွေအကြောင်း ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။ ကြားဖူးတယ် ဆိုရင်တောင် အဝေးတနေရာက အကြမ်းဖက်ခံရသူတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ ဂျီနိုဆိုက် ကျူးလွန်ခံရသူတွေ ဆိုပြီးပဲ သိကြမှာပါ။ ဒုက္ခပင်လယ်ဝေနေသူတွေဆိုပြီးပဲ သတ်မှတ်ထားကြမှာပါ။

ဟုတ်ပါတယ်။ ကျမတို့ ဘေးကျပ်နံကျပ် အခြေအနေဆိုးကြီးနဲ့ ကြုံနေရတာပါ။ ကျမတို့ဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်တဲ့ လူနည်းစုတွေပါ။ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က စစ်ဆင်ရေးလုပ်တော့ လူသိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရတယ်။ ဒုက္ခသည်စခန်းထဲမှာပဲ ရိုဟင်ဂျာမျိုးဆက်သစ်တွေ ကြီးပြင်းလာနေကြရတယ်။ ဒီဒုက္ခ ဘယ်တော့ဆုံးမလဲ ဆိုတာလည်း မသိနိုင်ကြရှာဘူး။

ကမ္ဘာကြီးက မသိချင်ယောင်ဆောင်ထားတော့ ကျမတို့ဒုက္ခတွေက ပိုရှည်ကြာနေပါတယ်။ ဂါဇာ၊ ယူကရိန်းနဲ့ ဆူဒန်က အရေးအခင်းတွေကိုကျတော့ ကမ္ဘာက ဝိုင်းဆွေးနွေးကြတယ်။ ရှုတ်ချကြတယ်။ မီဒီယာတွေမှာလည်း အကျယ်တဝင့် ဖော်ပြကြတယ်။ ရိုဟင်ဂျာအကြောင်း သတိထားမိတယ် ဆိုရင်တောင် “မေ့ပျောက်ခံထားရတဲ့” အကျပ်အတည်းတခုလိုပဲ မြင်ကြတယ်။ အဲဒီအကျပ်အတည်းကြားမှာ ရှင်သန်နေထိုင်နေရတဲ့ လူသားတွေရယ်လို့ မမြင်ကြပါဘူး။

ဒါပေမဲ့ ကျမတို့ဟာ သားကောင်တွေ သက်သက်မဟုတ်ပါဘူး။ ကျမတို့မှာ ကိုယ်ပိုင်သမိုင်းကြောင်း ရှိပါတယ်။ ယုံကြည်သက်ဝင်မှုတွေ၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေ ရှိပါတယ်။ ကိုယ့်အနာဂတ်ကိုယ် ဖန်တီးချင်တဲ့ စိတ်ဓာတ်တွေ ရှိပါတယ်။ ကျမတို့ဟာ ကာကွယ်ပေးထိုက်တဲ့ လူသားတွေပါ။ အခုတော့ မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာပါပြီ။

ဒီလထဲမှာပဲ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးမှုတွေ စတင်နေပါပြီ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့သလား ဆိုတာကို စစ်ဆေးမေးမြန်းနေပါပြီ။ မြန်မာဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒါဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာဖို့ လမ်းစပါပဲ။ ကျမတို့ ဘာတွေ ကြုံခဲ့ရလဲဆိုတာကို အသိအမှတ်ပြုလာဖို့ ခြေလှမ်းပါပဲ။ ဆယ်စုနှစ်တခုအတွင်းမှာ ဒီရုံးတော်ကို ရောက်လာတဲ့ ပထမဆုံးသော ဂျီနိုဆိုက် အမှုကြီးတခုဆိုလည်း မမှားပါဘူး။ ပဋိပက္ခတွေများလာတဲ့ ကမ္ဘာကြီးအနေနဲ့ ကြီးမားတဲ့ အကြမ်းဖက်မှုတွေ၊ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ရနေတာတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတာကိုပါ စံနမူနာပြနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေအတွက် တကယ့်ပြောင်းလဲမှု ဖြစ်လာဖို့က နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ထောက်ပံ့မှုတွေ လျှော့ချလိုက်လို့ အခက်အခဲသစ်တွေ ကြုံနေရချိန်မှာ ကျမတို့ဘက်က စောင့်နိုင်တဲ့အချိန် သိပ်မရှိတော့ပါဘူး။

ရိုဟင်ဂျာတွေကို အသိအမှတ်မပြုဘဲ ငြင်းပယ်တာက ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကနေပဲ စတာပါ။ စစ်ကောင်စီက ကျမတို့အတွက် နေရာမရှိဘူးလို့ ငြင်းပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်ဟာ ရာစုနှစ်ပေါင်းများစွာ ကျမတို့ရဲ့ အိမ်ဖြစ်ခဲ့တာပါ။ အဲဒီနေရာဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှကြားက ကူးလူးဆက်သွယ်ရာ ကမ်းရိုးတန်းဒေသ ဖြစ်ပါတယ်။ ကိုလိုနီခေတ် နယ်နိမိတ်တွေ မသတ်မှတ်ခင်ကတည်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ နေရာပါ။

ရိုဟင်ဂျာ မျိုးဆက်ပေါင်းများစွာဟာ ကြောက်စိတ်နဲ့ပဲ ကြီးပြင်းခဲ့ကြရတယ်။ ကျမ ငယ်ငယ်တုန်းက ငိုနေရင် အမေက ချော့ဖို့ စကားတခွန်း ပြောလေ့ရှိတယ်။ အဲဒါကတော့ “မြန်မာစစ်တပ် လာနေပြီ” တဲ့။ ရိုဟင်ဂျာကလေးတိုင်း အဲဒီစကားကြားရင် အသံတိတ်သွားကြရော။

၂၀၁၇ သြဂုတ်လတုန်းက ကျမအသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ ရွာထဲမှာ သေနတ်သံတွေ ဆူညံနေလို့ အိမ်ထဲမှာပဲ ရက်ပေါင်းများစွာ ပုန်းနေခဲ့ရတယ်။ စစ်တပ်က လာပြီး တိုက်ခိုက်တာပါ။ နောက်ဆုံးတော့ မိဘတွေက အသက်လုပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီကတည်းက ကျမ ကိုယ့်အိမ်ကို ပြန်မမြင်ရတော့ပါဘူး။

ထောင်ပေါင်းများစွာသော သူတွေနဲ့အတူ ကျမတို့လည်း လမ်းလျှောက်ပြီး ထွက်ပြေးခဲ့ရတယ်။ မိုးတွင်းကြီးဆိုတော့ လမ်းတွေက ရွှံ့ဗွက်တွေနဲ့ ပေါ့။ တောင်တွေကိုဖြတ်ပြီး တပတ်တိတိ လမ်းလျှောက်ခဲ့ရတယ်။ နောက်ဆုံးတော့ ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားဒုက္ခသည်စခန်းကို ရောက်သွားတယ်။ အဲဒီမှာ ရိုဟင်ဂျာ ၁ သန်းကျော် နေထိုင်ကြပါတယ်။ ကျမလည်း ဝါးရယ်၊ တာပေါ်လင်စတွေရယ်နဲ့ ဆောက်ထားတဲ့ တဲအိမ်လေးထဲမှာ ၆ နှစ်လောက် နေခဲ့ရတယ်။

ခြင်တွေ၊ ဖားတွေနဲ့ အတူနေခဲ့ရတယ်။ ရေကြီးရင် တဲတွေ ရေထဲ မျောပါသွားတတ်တယ်။ ဆောင်းတွင်းဆို အရမ်းအေးပြီး နွေဆိုရင်လည်း ပူလွန်းလှတယ်။ ကျောင်းကောင်းကောင်းလည်း မရှိ၊ အလုပ်အကိုင်လည်း မရှိပါဘူး။ နေ့တိုင်းလိုလို ရိုဟင်ဂျာတွေ ထပ်ရောက်လာနေကြတုန်းပဲ။ ဒါပေမဲ့ ကျမတို့ရဲ့ ကိုယ်ပိုင်ဟန်ကိုတော့ မပျောက်ပျက်အောင် ထိန်းထားနိုင်ခဲ့ကြတယ်။ ရှိတာလေးတွေကို အိမ်နီးချင်းတွေနဲ့ မျှဝေစားသောက်ကြတယ်။ ရွာဓလေ့အတိုင်း ရိုင်းပင်းကူညီကြတယ်။ အစ်ဒ်ပွဲတော်နေ့ရောက်ရင် အမျိုးသမီးတွေက ပန်းပွင့်ပုံတွေဆွဲကြ၊ ဟင်နာ ဒန်းဆိုးဆေး ဆိုးကြနဲ့ပေါ့။ ကလေးတွေလည်း ဆော့ကစားကြတယ်။ ကျမအမေဆိုရင် ငှက်ပျောပင်တွေ စိုက်တယ်။ ဒါဟာ အသက်ဆက်ရှင်ချင်တဲ့စိတ်နဲ့ တိုးတက်ချင်တဲ့စိတ်ကို ပြနေတာပဲ။

ကျမက YouTube ကနေ အယ်လန် ဒီဂျနရက်စ်ရဲ့ အစီအစဉ်တွေကို ကြည့်ပြီး အင်္ဂလိပ်စာ ကိုယ့်ဘာသာ လေ့လာခဲ့တယ်။ အသက် ၁၅ နှစ်အရွယ်မှာ စခန်းကိုလာတဲ့ ဧည့်သည်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေအတွက် စကားပြန် လုပ်ပေးနိုင်ခဲ့တယ်။ တနှစ်ကြာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ ကောလိပ်တက်ခွင့် ရခဲ့တယ်။ စခန်းကိုလည်း ပုံမှန်ပြန်တယ်။ ဘတ်စ်ကားနဲ့ ၆ နာရီလောက် စီးရပါတယ်။ မိသားစုကို လာတွေ့သလို တခြားမိဘတွေကိုလည်း သူတို့သမီးတွေကို ကျောင်းထားဖို့ တိုက်တွန်းတယ်။ မိဘတွေကတော့ ငြင်းကြတာများတယ်။ သမီးတွေကို ရိုဟင်ဂျာ ဆိုပြီး ပစ်မှတ်ထားခံရမှာ ကြောက်ကြတယ်။ နောက်ပြီး ဒုက္ခသည်စခန်းထဲမှာ ပညာတတ်လည်း ဘာထူးမှာလဲလို့ တွေးကြတယ်။ ကျမကတော့ ပညာရေးက ကျမဘဝကို ဘယ်လို ပြောင်းလဲပေးခဲ့လဲဆိုတာ ပြောပြတယ်။ မိဘတော်တော်များများ စိတ်ပြောင်းသွားကြပါတယ်။ အခုဆို သူတို့သမီးလေးတွေ စာသင်နေကြပါပြီ။

၂၀၂၂ ခုနှစ်မှာတော့ ကျမဘဝ တမျိုးပြောင်းသွားခဲ့တယ်။ ဘိုင်ဒန်အစိုးရလက်ထက်က စတင်ခဲ့တဲ့ အစီအစဉ်နဲ့ ကျမတို့မိသားစု အမေရိကန်မှာ အခြေချခွင့် ရခဲ့ပါတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ကျမတို့ ချီကာဂိုမြို့ကို ရောက်သွားတယ်။ ကျမ အားကျရတဲ့ မီရှဲအိုဘားမားရဲ့ ဇာတိမြို့လေးပေါ့။ အဲဒီမှာ ဘဝသစ် စခဲ့ကြတယ်။

အမေရိကန်တွေက ကျမတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ အိမ်မှာဆိုရင် ရိုဟင်ဂျာစကားပဲ ပြောဖြစ်တယ်။ အပြင်မှာ နှင်းတွေကျနေပေမဲ့ အိမ်ထဲမှာတော့ အရသာစပ်စပ် မြန်မာဟင်းတွေကိုပဲ ချက်စားကြတယ်။ ရခိုင်ပြည်နယ်နဲ့ မိုင်ပေါင်းထောင်ချီ ဝေးနေပေမဲ့ ကျမတို့ရဲ့ ဘာသာစကား၊ ရိုးရာဓလေ့နဲ့ အမှတ်တရတွေကို မပျောက်ပျက်အောင်ထိန်းသိမ်းထားကြပါတယ်။ တနေ့နေ့တော့ အိမ်ပြန်ရမယ်လို့လည်း မျှော်လင့်ထားကြတယ်။

စခန်းတွေထဲမှာတော့ ဒုက္ခသည် ၁ သန်းကျော် ကျန်နေပါသေးတယ်။ ကျမသူငယ်ချင်းတချို့ဆိုရင် အဲဒီမှာပဲ အိမ်ထောင်ကျပြီး ကလေးတွေတောင် ရနေကြပါပြီ။ ကျမ ပြီးခဲ့တဲ့နှစ်တွေက စခန်းကို နှစ်ခေါက်လောက် ပြန်ရောက်ခဲ့တယ်။ ကလေးတွေက ကျမငယ်ငယ်က မေးခဲ့ဖူးသလိုပဲ မေးကြတယ်။ “တို့တွေ ဘာလို့ ဒီမှာနေနေရတာလဲ”၊ “ဘယ်တော့ ကျောင်းသွားရမလဲ”၊ “ဘယ်တော့ အိမ်ပြန်ရမလဲ”။ ကျမမှာ အဖြေမရှိပါဘူး။ ရင်ကွဲမတတ် ခံစားရတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီ လျှော့ချမှုတွေက ကမ္ဘာ့အကူအညီပေးရေး အစီအစဉ်တွေကိုပါ ဂယက်ရိုက်ခတ်နေပါတယ်။ ထရမ့်ပ်အစိုးရကတော့ လိုအပ်တဲ့နေရာတွေအတွက် သီးသန့် ပံ့ပိုးမှုတွေ ဆက်ပေးမယ်လို့ ကတိပြုထားပေမဲ့ ရိုဟင်ဂျာတွေအတွက်တော့ အချိန်သိပ်မရှိတော့ပါဘူး။

ကုလသမဂ္ဂရဲ့ တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်မှာလည်း ရန်ပုံငွေ အများကြီး လိုအပ်နေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရန်ပုံငွေအခက်အခဲကြောင့် စားနပ်ရိက္ခာအကူအညီပေးဖို့ ခြိမ်းခြောက်ခံနေရပြီလို့ သတိပေးထားပါတယ်။ ဒါကြောင့် ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။ မနှစ်ကဆိုရင် စခန်းတွေထဲက ကျောင်းပေါင်းထောင်ချီ ပိတ်လိုက်ရလို့ ရိုဟင်ဂျာကလေး ၂ သိန်းကျော် ထိခိုက်ခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း သူတို့မှာ အရင်းအမြစ်တွေ ကုန်နေပြီ၊ နိုင်ငံတကာက အမြန်ဆုံး ကူညီကြပါလို့ တောင်းဆိုနေရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အခြေအနေတွေ ဆိုးလာတာကြောင့် ဒုက္ခသည်တွေဟာ အသက်စွန့်ပြီး ပင်လယ်ဖြတ်ကျော် ထွက်ပြေးနေကြရတယ်လို့ UN နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

တကယ်လို့သာ နိုင်ငံတကာတရားရုံး (ICJ) က ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်လိုက်ရင် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအား ပိုပြင်းထန်လာနိုင်ပါတယ်။ နောက်ထပ် အလားတူ လုပ်ရပ်တွေ မလုပ်အောင် တားဆီးနိုင်ပါလိမ့်မယ်။ နိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ကုန်သွယ်ဖို့၊ ဆက်ဆံဖို့ ပိုခက်ခဲသွားပါလိမ့်မယ်။

ဒါပေမဲ့ အမိန့်ချဖို့က လနဲ့ချီ ကြာနိုင်တယ်။ အဲဒီထက်လည်း ပိုကြာကောင်းကြာနိုင်ပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေသာ ဆက်မရှိရင် ရိုဟင်ဂျာတွေရဲ့ ပြည်ပရောက်ဘဝနဲ့ အရာရာဆုံးရှုံးနေရတဲ့ဘဝတွေက ဆက်ပြီး ရှည်ကြာနေဦးမှာပါ။ ကျမတို့ဟာ နိုင်ငံမဲ့တွေ၊ ဘေးဖယ်ထုတ်ခံထားရသူတွေ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ ဘယ်သူတွေလဲ ဆိုတာ ကျမတို့ သိပါတယ်။ ကမ္ဘာကြီးကလည်း ကျမတို့ကို လူသားတွေအဖြစ် မြင်စေချင်လှပါပြီ။

လပ်ကီးကရမ်

Ref: The New York Times

(The New York Times သတင်းစာ ဝက်ဆိုက်တွင်  Lucky Karim ရေးသားထားသည့် “My Rohingya People Are Running Out of Time” အက်ဆေးကို ဘာသာပြန်ဆို ဖော်ပြသည်။  Lucky Karim သည်  ရိုဟင်ဂျာလူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်ပြီး  Refugee Women for Peace and Justice အဖွဲ့ တည်ထောင်သူလည်းဖြစ်သလို Refugees International တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013