
ကရင်နီတော်လှန်ရေးတပ်ဖွဲ့ (KA ) ထိန်းချုပ်ထားတဲ့ မယ်စဲ့နဲ့ မယ့်ကျဲ ဒေသက အကျဉ်း ထောင်ကိုဖောက်ပြီး ထိုင်းနိုင်ဘက်ထွက်ပြေးခိုလှုံသွားတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ ယောက်ကို ထိုင်းတပ်မတော်က မြန်မာစစ်ကောင်စီထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သူတို့ကို ထိုင်းကြည်းတပ်မတော် တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၆ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ရှိ မဲဆောက် - မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ပြန်လည်လွှဲပြောင်း ပေး အပ်ခဲ့ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် အမှတ် ၆၆ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည်မှာ တာဝန် ထမ်းဆောင်စဉ် ကရင်နီတော်လှန်ရေးတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်။
အဆိုပါတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီ ခွဲက သေနတ် ၉ လက်နဲ့အတူ အကျဉ်းထောင်ဖောက်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယုမ်းမြို့နယ်၊ ဟွေ့တုန့်နွန် ကျေးရွာဘက်ကို တိမ်းရှောင်သွားတယ်၊ အဲဒီနောက် ထိုင်းအမှတ် ၃ စစ်ဒေသ လက်အောက်ခံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေထံမှာ လက်နက်ချခိုလှုံခွင့်တောင်းခံခဲ့ကြပါတယ်။
ထောင်ဖောက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၂ ယောက်ရှိပြီး ၁၄ ယောက်ကိုတော့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီးရမိခဲ့ ပါတယ်။
ကရင်နီတပ်က ဖမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လွတ်မြောက်ဖို့ ထိုင်းနိုင်ငံဘက်ကို လျှို့ဝှက်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က အောက်တိုဘာလကတည်းက ကြိုးပမ်းခဲ့ပြီး ထောင်ဖောက်ထွက်နိုင်ဖို့ ဒေါ်လာ ၃၀,၀၀၀ ( ထိုင်းဘတ်ငွေ ၁ သန်းခန့် ) ကုန်ကျခဲ့ကြောင်းလည်း ကောလာဟာလ သတင်းတွေ ထွက်ပေါ်နေပါတယ် ။
Source - Workpoint News / JoCho News










