
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကောင်စီအထိုင်စခန်းတခုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ဟာ ဇူလိုင် ၉ ရက်နေ့မှာ လက်နက်ခဲယမ်းတွေယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် (ပကဖ) က ဇူလိုင် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် (ပကဖ) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “သူတို့ ၆ ယောက်က ကျောက်မျက်တောင်စစ်တပ်အထိုင်စခန်းကပါ။ ဒါပေမယ့် သူတို့တွေက အဲဒီအထိုင်စခန်းမှာနေရသူတွေတော့ မဟုတ်ဘူး။ ဝမ်ပေါင်တရုတ်ကြေးနီသယ်ကားတွေကို ကင်းလိုက်စောင့်ပေးရတဲ့သူတွေပါ။ ၆ ယောက်လုံး တပ်သားအဆင့်တွေပါ” လို့ ပြောပါတယ်။
အလင်းဝင်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ် ၂ လက်၊ ကျည်အတောင့် ၃၀၀၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဘောက် ၈ ခု၊ ကျည်ကာ ၂ ထည်၊ နင်းမိုင်း ၁ လုံးတို့ယူဆောင်ပြီး အလင်းဝင်ရောက်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင် ပကဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတို့အချင်းချင်းတွေကြားမှာ ကြီးနိုင်ငယ်ညှဉ်းလုပ်တာတွေကိုမခံနိုင်ကြလို့ ထွက်ပြေးလာကြတာလို့ပြောကြတယ်။ ၆ ယောက်စလုံး လုံခြုံစိတ်ချရတဲ့နေရာမှာ ထားပေးထားပြီးတော့ ဆုကြေးငွေပေးအပ်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။ သူတို့တဦးချင်းအနေနဲ့ ဘာတွေဆက်လုပ်ကြမယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ မတိုင်ပင်ကြရသေးဘူး” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေအပြင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ နယ်မြေဒေသအများစုကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ အနေအထားကိုရောက်နေပြီဖြစ်တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီအောက်မှာကျန်ရှိနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း နီးစပ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံး ခိုလှုံအလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ယင်းမာပင်ခရိုင် ပကဖ ဆီကနေ သိရပါတယ်။










