
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ စစ်မှုထမ်းတပ်သားသစ် တယောက် တို့ဟာ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာ တယ်လို့ အဆိုပါတပ်ဖွဲ့က မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက “တွင်းမရွာမှာအထိုင်ချနေတဲ့အထဲက ဒုတပ်ကြပ် တယောက်၊ တပ်သား တယောက်နဲ့ စစ်မှုထမ်းတပ်သားသစ် တယောက်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာကြတာ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ ဒုတပ်ကြပ် ဇော်ကြီး၊ တပ်သား အောင်သိန်းဝင်းနဲ့ တပ်သားသစ် ဇင်မင်းအောင်တို့ ဖြစ်ပြီး သူတို့ ၃ ယောက်က မတ် ၁၈ ရက်နဲ့ ၂၀ ရက်တွေမှာ အလင်းဝင်လာကြတာပါ။
ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံတယောက်က “စစ်ဆေးမှုတွေနဲ့ လုံခြုံရေးကိစ္စတွေ စီစဥ်ဆောင်ရွက်ပြီးလို့ အခုမှသတင်းထုတ်ပြန်ရတာပါ။ သူတို့အလင်းဝင်လာကြတုန်းက MA1 သေနတ် ၂ လက်၊ MA3 သေနတ် တလက်၊ ကျည်ဘောက် ၇ ခုနဲ့ ခဲယမ်းတွေယူဆောင်လာကြလို့ ကျနော်တို့တပ်ဖွဲ့ဘက်က တတ်နိုင်သလောက် ဆုကြေးငွေပေးအပ်ထားပါတယ်”လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ တွင်းမပျူစောထီးကျေးရွာမှာတပ်စွဲနေကြတဲ့ စစ်ကောင်စီ တပ်ထဲမှာ နေထိုင်ခဲ့သူတွေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း အနိုင့်အထက်ပြုကျင့်တာ အပြင် အစားအစားရှားပါးလို့ ထွက်ပြေးလာကြတာလို့ ဒေါင်းသွေးနီပြောက်ကျားတပ်က ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အနေနဲ့ နီးစပ်ရာ အမြန်ဆုံးဆက်သွယ်အလင်းဝင်ရောက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။










