DVB Logo
Home
မြန်မာသတင်း
နေပြည်တော် တပ်ကုန်းတွင်  ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲကျပြီး ၁၂ ဦးသေ
DVB
·
January 29, 2026
နေပြည်တော် တပ်ကုန်းတွင်  ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲကျပြီး ၁၂ ဦးသေ
Donate to DVB

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ တောင်ညိုလမ်းပိုင်းမှာ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီက ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲကျပြီး တိမ်းမှောက်ခဲ့လို့  ၁၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေနဲ့ ဇာတ်သဘင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တောင်တွင်းကြီးကနေ တပ်ကုန်းမြို့နယ်မှာ ပွဲကထွက်လာတဲ့ ဇော်လေးနိုင် ဇာတ်အဖွဲ့ကားဟာ မနေ့ည ၈ နာရီက တောင်ညိုလမ်းပိုင်းတနေရာမှာ စလစ်ဖြစ်ကာ ချောက်ထဲကျပြီး ၁၂ ယောက် သေဆုံးခဲ့တာလို့ ဇာတ်ဘင်နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“မနေ့ညကဖြစ်တာ၊ စစဖြစ်ချင်း သတင်းကြားတော့ ၈ ယောက်သေတယ်၊ ဆေးရုံမရောက်ခင် ၄ ယောက်ထပ်သေတယ်၊ ဒီနေ့မနက်အထိ သိရတဲ့သတင်းအရ သေတာ ၁၂ ယောက်ရှိပြီ၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်၊ တခြားဇာတ်အဖွဲ့တွေတော့ သွားကူညီပေးနေတယ်။”

တပ်ကုန်းမြို့နယ်ရှိ တောင်ညိုလမ်းဟာ တောင်ဆင်းတောင်တက်နဲ့ အကွေ့ကောက်များသလို ဘေးမှာလည်း ချောက်တွေရှိလို့ ကုန်တင်ယာဥ်လိုကားတွေ မသွားသင့်ကြောင်း ယာဥ်မောင်းတယောက်က သုံးသပ် ပြောဆိုပါတယ်။

“တောင်ညိုလမ်းပိုင်းမှာ ကားလေးတွေတောင် မနည်းသွားရတာ၊ ကုန်းကားတွေဆို အဲဒီလမ်းက မသွားဘူး၊ တခြားလမ်းက သွားရတာ။ ဇာတ်အဖွဲ့ကားဆိုတော့ ဝန်ပိုများတာပေါ့။ အဲဒါကြောင့် စလစ်ဖြစ်ပြီး ချောက်ထဲကျတာဖြစ်တယ်။ နောက် ဇာတ်သဘင်အဖွဲ့တွေလည်း တပ်ကုန်းလာရင် တောင်ညိုလမ်းကို ရှောင်သင့်တယ်။”

တောင်တွင်းကြီးမြို့အခြေစိုက် ဇော်လေးနိုင် ဇာတ်အဖွဲ့ကားပေါ်မှာ လိုက်ပါလာသူ ၂၇ ယောက်ရှိပြီး ကနဦး ၁၂ ယောက် သေဆုံးကာ ဒဏ်ရာရသူများတာကြောင့် သဘင်အစည်းအရုံး (ဗဟို) က အမှုဆောင်တွေကိုယ်တိုင် သွားရောက်ပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း တပ်ကုန်းမြို့နယ်၊ တောင်ညိုလမ်းပိုင်းမှာ ကုန်တင်ယာဥ်တစီး ချောက်ထဲကျပြီး ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် ၂ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013