
နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ ရေကန်ထဲရေဆင်းကူးတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၂ ယောက် ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက်၊ မွန်းလွဲ ၃ နာရီခွဲလောက်က တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်နားက သဘာဝရေကန်မှာ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၃ ယောက်တို့ ရေဆင်းကူးရာကနေ အမျိုးသမီး ၂ ယောက် ရေနစ်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဥ်ကို သိရှိသူတယောက် “သူငယ်ချင်းတွေအတူ ရေကူးကြတာ။ အသက် ၁၈ နှစ်အရွယ် မအိမွန်သော်နဲ့ မရွှန်းလဲ့ဝတ်ရည်တို့ ရေဆင်းကူးရင်း ရေနစ်သေဆုံးသွားတာ” လို့ ပြောပါတယ်။
သေဆုံးသူ ဆယ်ကျော်သက် မိန်းကလေးငယ် ၂ ယောက်ဟာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်က ဖြစ်ပြီး ခြုံကြီးကျေးရွာနဲ့ မြဝတီရပ်ကွက်တို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရေနစ်သေဆုံးရာကို မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၁ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာ ရေနစ်သေဆုံးတဲ့ မိန်းကလေး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ညနေ ၅ နာရီကျော်လောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းတွေကို တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရှိပြီး သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











