
မန္တလေးမှာ စည်ပင်က ပန်းခြံထဲ သစ်ပင်တွေရေလောင်းဖို့ တူးထားတဲ့ ရေကန်ထဲမှာ ကလေးငယ်တယောက် ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၁၇ ရက် နေ့လယ်ပိုင်းလောက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ မန္တလေးတက္ကသိုလ် အနောက်ပေါက်မှာရှိတဲ့ မြို့တော်စည်ပင်ပန်းခြံအတွင်း သစ်ပင်တွေ ရေလောင်းရာမှာ အသုံးပြုဖို့ တူးဖော်ထားတဲ့ ရေကန်ထဲ ရေဆင်းချိုးတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်တယောက် ရေနစ်သေဆုံးသွားတာပါ။
မန္တလေးမြို့ခံတယောက်က “ကလေးက အိမ်ခြေရာမဲ့ ကလေးလို့ ထင်တယ်။ သနားဖို့ကောင်းပါတယ်။ ပန်းခြံထဲက ရေကန်မှာ ရေနစ်ဆုံးသွားတာ။ ကလေးက ရေကန် အတိမ်အနက် မသိလို့ဖြစ်မယ်” လို့ ပြောပါတယ်။
သေဆုံးကလေးငယ်ကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သယ်ယူကာ အရေးပေါ် အသက်ကယ်နည်းနဲ့ ကူညီကယ်ဆယ်ပေးခဲ့ပေမဲ့ သိရှိချိန် နောက်ကျတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရတာလို့ သိရပါတယ်။
ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ဟာ သိပ္ပံလမ်းဆုံဘက်က ကားလမ်းမတွေပေါ်မှာ လိုက်လံတောင်းရမ်း စားသောက်နေတဲ့ ကလေးငယ် ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးစည်ပင်ရဲ့ မြို့တော်ပန်းခြံထဲမှာ အခုလို ရေကန်တွေရှိတာကြောင့် ပန်းခြံကိုလာတဲ့အထဲမှာ ကလေးတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်တယ်လို့ မြို့ခံတွေက အကြံပြုထားပါတယ်။










