
အိုမန်နိုင်ငံကမ်းလွန်မှာ ခရီးသွားလှေတစီး တိမ်းမှောက်မှုကြောင့် ပြင်သစ်ခရီးသွား ၃ ယောက် သေဆုံးခဲ့ကြောင်း အိုမန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာပြောပါတယ်။
တော်ဝင်အိုမန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ တော်ဝင်ရေတပ်သင်္ဘောတစင်းကလည်း ပင်လယ်ပြင်မှာ တိမ်းမှောက်နေတဲ့ လှေတစင်းအနီး ရှိနေတာကို ပြသထားပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ လူနာတင်ယာဉ်တွေ ရောက်ရှိနေပြီး အိုမန်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အလောင်းတလောင်းကို ထမ်းစင်ပေါ် သယ်ဆောင်သွားတာကို အိုမန် အရပ်ဖက်ကာကွယ်ရေးနဲ့ လူနာတင်ယာဉ်တပ်ဖွဲ့ (CDAA) က ဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ အိုမန်နိုင်ငံ၊ မွတ်ထ်-ရာ ဆိပ်ကမ်းအနီးမှာ ဖြစ်ပွားခဲ့တာကို ရိုက်တာသတင်းဌာနကလည်း အတည်ပြု ဖော်ပြခဲ့ပါတယ်။
ပြင်သစ်ခရီးသွားအုပ်စုတစု၊ ခရီးသွားလမ်းညွှန်တယောက်နဲ့ လှေမောင်းသူ အပါအဝင် လူ ၂၅ ယောက်ကို တင်ဆောင်လာတဲ့ လှေဟာ အိုမန်ပင်လယ်ကွေ့ရှိ ဆူလ်တန် ကာဘူးစ် ဆိပ်ကမ်းမှ ရေမိုင် ၂ ဒသမ ၅ မိုင် အကွာကို ရောက်ရှိချိန်မှာ တိမ်းမှောက်သွားခဲ့တာပါ။
အခုဖြစ်စဉ်မှာ လူ ၃ ယောက် သေဆုံးခဲ့တဲ့အပြင် တခြားခရီးသွား ၂ ယောက်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။
Source: Reuters










