အီရန်နဲ့ အမေရိကန် ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်နေမယ်ဆိုရင် မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ အိုမန်ကိုပါ ဗုံးကြဲပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်လိုက်ပါတယ်။
Fox News သတင်းထောက် ထရေးယင်းစ်တ်နဲ့ ဖုန်းအင်တာဗျူးမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။
အမေရိကန်နဲ့ အိုမန်ဟာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ အီရန်နဲ့ သီးခြားစီ ဆွေးနွေးနေတာပါ။
အမေရိကန်နဲ့ အစ္စရေးက ဖေဖော်ဝါရီလမှာ အီရန်ကို တိုက်ခိုက်ပြီးနောက် ဒီရေလက်ကြားဟာ အချိန်တော်တော်ကြာ ဖြတ်သန်းလို့မရ ဖြစ်နေခဲ့ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ကုန်သွယ်မှုရဲ့ ငါးပုံတပုံလောက်ဟာ ဒီလမ်းကြောင်းကို ဖြတ်သန်းသွားလာနေရတာ ဖြစ်ပါတယ်။
သြဂုတ် ၁၇ ရက်အစောပိုင်းမှာ သင်္ဘောသွားလာမဲ့ လမ်းကြောင်းသစ်အတွက် အိုမန်နဲ့ အကြမ်းဖျင်း သဘောတူထားပြီလို့ အီရန်က ပြောပါတယ်။
ဒါပေမဲ့ ဇွန် ၁၈ ရက်က လက်မှတ်ထိုးထားတဲ့ အမေရိကန်-အီရန် ရက် ၆၀ နားလည်မှုစာချွန်လွှာဟာ သြဂုတ် ၁၇ ရက်မှာ သက်တမ်းကုန်ပါတယ်။
စာချွန်လွှာ သက်တမ်းတိုးမလားလို့ မေးရာမှာ ထရမ့်ပ်က “မတိုးဘူး” လို့ တိုက်ရိုက်ဖြေပါတယ်။ အီရန်နဲ့စစ်ပွဲ အဆုံးသတ်ဖို့ သူအလျင်မလိုဘူးလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ဒါပေမဲ့ အိုမန်ရဲ့ ဘယ်လိုလုပ်ရပ်ကို အဟန့်အတားလို့ ထရမ့်ပ်က သတ်မှတ်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။











