
အာရပ်နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ ဟော်မုဇ်လမ်းကြောင်းကိစ္စ အိုမန်နိုင်ငံမှာ စက်တင်ဘာ ၁၄ ရက် တွေ့ဆုံဆွေးနွေးကြမယ်လို့ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
BRICS ထိပ်သီး အစည်းအဝေးကို တက်ဖို့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီကို ရောက်နေချိန် India Today TV နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောခဲ့တာပါ။
သူတို့အနေနဲ့ ဟော်မုဇ်လမ်းကြောင်းဆိုင်ရာ နားလည်မှုတခုကို ဆွေးနွေးကြမှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာ ရေကြောင်းသွားလာရေး အဖွဲ့အစည်းကိုလည်း အဲဒီလမ်းကြောင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသိပေး အကြောင်းကြားသွားမယ်လို့ ပီဇက်ရှ်ကီယံက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက် ကျင်းပမဲ့ အစည်းအဝေးကတဆင့် ပိတ်ဆို့ခံထားရတဲ့ ရေလမ်းကြောင်းနဲ့ပတ်သက်တဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တရပ် ထွက်ပေါ်လာဖို့ မမျှော်လင့်ထားဘူးလို့လည်း အီရန်အရာရှိတယောက်က စက်တင်ဘာ ၁၂ ရက်နေ့ အစောပိုင်းမှာ ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက် အစည်းအဝေးကို အိုမန်နိုင်ငံရဲ့ ဦးဆောင်မှုနဲ့ ခေါ်ယူကျင်းပတာဖြစ်ပြီး ဟော်မုဇ်ကိစ္စအပြင် တခြား ဒေသတွင်းကိစ္စရပ်တွေကိုပါ ဆွေးနွေးနိုင်မဲ့ နေရာတခု ဖြစ်လာမယ်လို့ အမည်မဖော်လိုသူ အီရန်အရာရှိက ဆက်ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလမှာ အီရန်ကို တိုက်ခိုက်ပြီး စစ်ပွဲ စတင်ချိန်မတိုင်မီက ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ငါးပုံတပုံလောက်ဟာ ဟော်မုဇ်ရေလက်ကြားကတဆင့် ဖြတ်သန်း သွားလာခဲ့တာပါ။
အမေရိကန်နဲ့ အီရန်တို့က ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောတွေအပေါ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယီမင်နိုင်ငံထဲက အီရန်ရဲ့ မဟာမိတ် ဟူသီအုပ်စုက အာရေဗျကျွန်းဆွယ်ရဲ့ တဖက်ခြမ်းက အရေးပါတဲ့ ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခုဖြစ်တဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားနားကို ချီတက်လာခဲ့လို့ ပြီးခဲ့တဲ့ တပတ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။











