
ဂရိနိုင်ငံအလယ်ပိုင်း တရီးကာလာမြို့အနီးရှိ ဘီစကွတ်စက်ရုံတခုမှာ ဇန်နဝါရီ ၂၆ ရက်က ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးကာ နောက်ထပ် ၂ ယောက် ပျောက်ဆုံးနေကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတခုထဲမှာ စက်ရုံကို မီးတောက်မီးလျှံတွေ လောင်ကျွမ်းနေပြီး အရေးပေါ်ဝန်ဆောင်မှု မော်တော်ယာဉ် အများအပြား ရောက်ရှိနေပါတယ်။
မီးသတ်သမား အယောက် ၄၀ လောက်နဲ့ ထရပ်ကား ၁၃ စီးလောက်ဟာ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေခဲ့ပြီး မီးခိုးလုံးမည်းမည်းတွေ ကောင်းကင်ကို တက်သွားပြီးတော့ စက်ရုံခေါင်မိုးတလျှောက်မှာ မီးတောက်တွေကို မြင်တွေ့ရပါတယ်။
စက်ရုံပိုင်ရှင် ဗီယိုလန်တာ S.A. ကတော့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ပြောဆိုခဲ့ကြောင်း အေသင်သတင်းဌာနက ကြေညာချက်တခုကို ကိုးကား ဖော်ပြခဲ့ပါတယ်။
“ကျွန်ုပ်တို့ဟာ အခုချိန်မှာ ကိုယ့်ပြည်သူတွေကိုသာ ဂရုစိုက်ကြောင်းနဲ့ ကျွန်ုပ်တို့ဟာ သူတို့နဲ့တကွ သူတို့ရဲ့ မိသားစုတွေနဲ့အတူ ရပ်တည်ပြီး သူတို့ကို ထောက်ပံ့ပေးဖို့ တတ်နိုင်သမျှ လုပ်ဆောင်ပေးနေပါတယ်” လို့ ဗီယိုလန်တာက ကြေညာချက်မှာ ပြောပါတယ်။
စက်ရုံရှိ လူ ၁၃ ယောက်ထဲက ၈ ယောက်ဟာ ထွက်ပြေးနိုင်ခဲ့ပြီး အလောင်း ၃ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးတော့ နောက်ထပ် ၂ ယောက် ပျောက်ဆုံးနေတယ်လို့ မီးသတ်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးဌာနတွေဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ကြပါတယ်။
ဒေသဆေးရုံမှာ မီးသတ်သမားတယောက် အပါအဝင် လူ ၆ ယောက်ကို အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် ကုသပေးခဲ့ပြီး အသက်အန္တရာယ် မရှိဘူးလို့လည်း ကျန်းမာရေးဝန်ကြီး အာဒိုးနစ်စ် ဂျော်ဂျီယာဒစ်စ်က ERT news ရေဒီယိုကို ပြောကြားခဲ့ပါတယ်။
Source: Reuters










