DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း စတားလင့်သုံးသည့်နေရာနှင့် မင်းပြား တိုင်းဗဟို ၉ ကို စစ်ကောင်စီ ဗုံးကြဲ
DVB
·
January 27, 2026
ပုဏ္ဏားကျွန်း စတားလင့်သုံးသည့်နေရာနှင့် မင်းပြား တိုင်းဗဟို ၉ ကို စစ်ကောင်စီ ဗုံးကြဲ
1 / 3
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပက်ခွက်ဆိပ်ကျေးရွာအနီးရှိ အာရက္ခတပ်တော်ရဲ့ အများသုံး စတားလင့်သုံးစွဲကြတဲ့နေရာကို ဇန်နဝါရီ ၂၇ ရက် မနက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပက်ခွက်ဆိပ်ကျေးရွာအနီး စတာလင့်သုံးစွဲခွင့်ပြုထားတဲ့ နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂  စီးနဲ့ ဇန်နဝါရီ ၂၇ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၃၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“မနက် ၁ နာရီဆိုတော့ လူတွေက အိပ်ကောင်းတုန်းမှာ ဗုံးကြဲသွားတာ။ ပြည်သူတွေ အင်တာနက် သုံးခွင့်ရအောင်လို့ တပ်တော်ဘက်က စီစဉ်ပေးထားတဲ့ နေရာကို ဗုံးကြဲသွားတာ။ တော်သေးတာပေါ့ နေ့လယ် နေ့ခင်း မဟုတ်လို့ပေါ့။ နေ့လယ် နေ့ခင်းဆိုရင် အထိအခိုက် အတော်ကိုများမှာ။ ညအချိန်ဖြစ်သွားတာကြောင့် အထိအခိုက်တော့ မရှိဘူး။ ဒီနေရာက ပုဏ္ဏားကျွန်း၊ ကျောက်တော်နယ်က လူတွေ အဓိက အားထားပြီး အင်တာနက် သုံးစွဲနေကြရတာ။”

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ ပုဏ္ဏားကျွန်း-ကျောက်တော်မြို့နယ် အစပ်မှာရှိပြီး အာရက္ခတပ်တော်ရဲ့ နည်းပညာဌာနက ၂၀၂၅ ခုအတွင်းမှာ ပြည်သူတွေ အင်တာနက်သုံးစွဲနိုင်ဖို့ ဖွင့်လှစ်ပေးထားပါ။

အလားတူ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနားရှိ စစ်တပ်သင်တန်းကျောင်းတခုဖြစ်တဲ့  တိုင်းဗဟို ၉ ကိုလည်း ဇန်နဝါရီ ၂၆ ရက် မနက်မှာ ဂျက်လေယာဉ်၊ Y12  တို့နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

“တိုင်းဗဟို ၉ ကို ချတယ်၊ ပတ်ဝန်းကျင်ကိုချတယ်၊ ဆူညံသွားတာပဲဗျာ။ တချို့အဆောင်တွေဆို မီးပါထလောင်တယ်၊ အဆောင်တွေက ပြိုပျက်သွားတယ်။” 

အခုလို စစ်ကောင်စီက ဗုံးလာကြဲတဲ့အတွက် အနီးအနားက ကမ်းနီ ကျေးရွာကြီးအပါအဝင် ပတ်ဝန်းကျင်ရွာတွေပါ အကုန်လုံး ကြောက်လန့်ပြီး ထွက်ပြေးရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက UAV ကင်းထောက်ဒရုန်းတို့နဲ့ ကင်းထောက်ပြီးမှ ပြည်သူတွေ မထင်မှတ်တဲ့အချိန် ရွယ်ရည်ချက်ရှိရှိ အလိုက်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျောက်ဖြူ၊ စစ်တွေ၊ အမ်းလမ်း နတ်ရေကန်၊ တောင်ကုတ်လမ်း ညောင်ကျိုး၊ ဧရာဝတီ စက်စက်ယို တို့မှာ AA နဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနေသလို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေရှိနေတဲ့အတွက် အခုလို ​ရခိုင်ပြည်သူတွေ နေတဲ့နေရာတွေကို ပြန်လည်တိုက်ခိုက် လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၇ နာရီခွဲလောက်မှာလည်း ကျောက်တော်နဲ့ပုဏ္ဏားကျွန်းမြို့နယ်အစပ်၊ ချောင်းတူ (ခ) ဆောင်းဒုံရွာအနောက်ဘက် စစ်သုံ့ပန်းတွေ ထားရှိရာစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး လာရောက်ကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာလည်း နေ့စဉ်နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013