
စစ်ကိုင်းတိုင်းအထက်ပိုင်းက မဟာဗျူဟာကျတဲ့ ထီးချိုင့်မြို့ကို အခြေပြုပြီး စစ်ကောင်စီတပ်က မန္တလေး-မြစ်ကြီးနား လမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းလာနေပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေထဲ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်မျက်နှာတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။
မတ်လနောက်ဆုံးအပတ်မှာတော့ တကောင်းကနေ တက်လာတဲ့ စစ်တပ်ဟာ ထီးချိုင့်မြို့တွင်း ဝင်ရောက်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်တွေက ဧပြီ ၁ ရက်အထိ မြို့ပြင်ကနေ ခုခံတိုက်ခိုက်နေတယ်လို့ ထီးချိုင့်အခြေစိုက် တပ်ဖွဲ့တခုက ရဲဘော်တယောက်က ပြောပါတယ်။
“ထီးချိုင့်က ပေးလိုက်ရပြီ။ အခု မြို့ပြင်ဘက်က တိုင်းရင်းဆေးရုံမှာ သူတို့ရှိတယ်။ ထီးချိုင့် ရင်ကွဲတောင်က ရှေ့ဆုံးပွိုင့်ပဲ၊ ဘယ်သွားသွား ရတယ်၊ ကသာရော၊ အင်းတော်ရော။ ထပ်တိုးနေတယ်။ ဒီဘက်ကလည်း ထီးချိုင့်မြို့ပြင်ကနေတော့ လှည့်ကာထားတုန်းပဲ။”
တခြားစစ်ရေးရင်းမြစ်တခုကတော့ စစ်တပ်ဟာ ထီးချိုင့်မြို့အထွက်က တည်တောရွာကို မကျော်နိုင်သေးဘူးလို့ ပြောသလို အနီးဝန်းကျင်က ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေလည်း တိမ်းရှောင်နေရကြောင်း ဆိုပါတယ်။
ဒါ့အပြင် ထီးချိုင့်မြို့တွင်းကို ပြန်လည်အခြေကုပ်ယူလာနိုင်တဲ့ စစ်တပ်က ကသာနဲ့ အင်းတော်မြို့တွေဘက်ကို ဆက်လက်ထိုးစစ်ဆင်ဖို့ ပစ်မှတ်ထားလာပါတယ်။
အခုထိုးစစ်တွေမှာ အရင်ကနဲ့မတူဘဲ စစ်တပ်က နည်းပညာနဲ့ ဒရုန်းတွေကို အားပြုလာတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အဓိက ပြဿနာတက်နေတာ အဲဒရုန်းပဲ။ လူက မမြင်ရသေးဘူး၊ ဒရုန်းတွေက အရင်ရောက်ခဲ့ကုန်ပြီပေါ့နော်၊ အဲဒီအချိန်မှာ ကိုယ့်လူတွေကလည်း ပြန်ပြန်ဆုတ်နေရတာပေါ့။ အဓိက ဒရုန်းကြောင့်ပဲ။ ကျနော်တို့ တကောင်းဘက်ကလာတဲ့ စစ်ကြောင်းဆိုရင် အဓိက ဒရုန်းနဲ့ပဲ တိုက်တာ။ ဒရုန်းတိုက်တယ်၊ နောက်ပြီးကျတော့ လေယာဉ်တွေနဲ့ ကြဲတယ်၊ တော်လှန်ရေးဘက်တွေနဲ့တောင် တိုက်ပွဲ သိပ်မဖြစ်လိုက်ရဘူး။ အဲဒီဘက်ကလူနဲ့ စကားပြောကြည့်တာလေ။ တိုက်ပွဲက ကောင်းကောင်းမဖြစ်လိုက်ရဘူးတဲ့။ ကိုယ့်ဘက်က အဲဒီအတိုင်းပဲ ဆုတ်ပေးလိုက်ရတော့တာပေါ့။ အဲဒီဒရုန်းတွေ အကြီးအကျယ်ကြဲတော့။”
ဒရုန်းနည်းပညာနဲ့ လေကြောင်းပစ်ကူကို သုံးပြီး နယ်မြေစိုးမိုးရေး လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ ထီးချိုင့်ကတဆင့် ကသာ-အင်းတော် လမ်းကြောင်းကို ပွင့်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတာလို့ လေ့လာသူတွေက ယူဆကြပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က “အဲဒီတော့ ထီးချိုင့်ကိုရပြီးတော့ ထီးချိုင့်-ကသာ လမ်းကြောင်းကိုသာ ချုပ်လိုက်နိုင်မယ်ဆိုရင် အင်းတော် ကျသွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ အင်းတော် ကျသွားရင်တော့ ကျနော်တို့ အရေးပါဆုံးဖြစ်တဲ့ နဘားလမ်းဆုံ၊ အဲဒီ နဘားလမ်းဆုံကို ထိန်းချုပ်နိုင်လိုက်ပြီဆိုရင် သူတို့က မြစ်ကြီးနား-မန္တလေး လမ်းကို သူတို့ အသစ်ပြန်ဖောက်လိုက်နိုင်သလို ဖြစ်သွားမယ်။ ဒါပေမဲ့ ကျနော်တို့ တော်လှန်ရေးတပ်တွေကကျတော့ ဒီလမ်းကြောင်းကြီးမှာ စစ်တပ်က ထိန်းချုပ်ထားတာဆိုရင် ကျနော်တို့ ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပြီးရင် ရှမ်းမြောက်ဘက်ပေါ့နော်၊ မဘိန်းဘက်ကနေလာမဲ့ ရှမ်းမြောက်ဘက်က လမ်းကြောင်းတွေ အားလုံးကို သူတို့ စစ်ကိုင်းတိုင်းကို အလယ်ကနေ ကန့်လန့်ဖြတ် ဖြတ်လိုက်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်ဗျ” လို့ ပြောပါတယ်။
ဒါကြောင့် ထီးချိုင့်တိုက်ပွဲဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းအတွက်သာမက ကချင်ပြည်နယ်ရဲ့ စစ်ကူနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေအတွက်ပါ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲတခု ဖြစ်လာနေပါတယ်။
စစ်ရေးအရ အကျပ်အတည်းတွေ ရှိနေသလို တခြားတဖက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကူညီထောက်ပံ့မှု အခက်အခဲတွေက စိန်ခေါ်မှုအသစ်တွေ ဖြစ်လာနေပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီ မဟာဗျူဟာကျတဲ့ လမ်းကြောင်းတွေကို ဘယ်လောက်အထိ ခုခံထိန်းချုပ်ထားနိုင်မလဲ ဆိုတာကတော့ လာမဲ့ ဧပြီလအတွင်း စစ်မျက်နှာ အပြောင်းအလဲတွေ အပေါ်မှာ အများကြီးမူတည်နေမှာ ဖြစ်ပါတယ်။








