DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တနှစ်အတွင်း ကမ်းပြိုမှုကြောင့် နေအိမ် ၃၄၀ ထက်မနည်း ရွှေ့ပြောင်း
DVB
·
January 26, 2026
ဧရာဝတီတိုင်း၌ တနှစ်အတွင်း ကမ်းပြိုမှုကြောင့် နေအိမ် ၃၄၀ ထက်မနည်း ရွှေ့ပြောင်း
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တနှစ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုဖြစ်ပွားလို့ လူ ၂ ယောက် ရေစီးထဲမျောပါခဲ့ပြီး လူနေအိမ် အလုံး ၃၄၀ ထက်မနည်း ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်အတွင်း တိုး၊ ငဝန်၊ ဧရာဝတီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားလို့ မအူပင်ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင် စတဲ့ မြို့နယ်တွေက လူနေအိမ် အလုံး ၃၄၀ ထက်မနည်းကို ကမ်းပြို ဘေးလွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “အိမ်တွေကို ကြိုတင်ဖျက်မပြောင်းရင် ဘေးအန္တရာယ်ရှိလို့ ပြောင်းခဲ့ရတဲ့ အိမ်တွေချည်းပါ။ ဟင်္သာတမြို့နယ်နဲ့ မအူပင်မြို့နယ်ဘက်မှာ မြစ်ရေတိုက်စားလို့ ကမ်းပြိုကျမှုတွေ အဖြစ်များခဲ့တယ်။ အိမ်ပြောင်းရတာလည်း အဲဒီဘက်တွေက များတယ်။ လူနှစ်ယောက်ကတော့ ညောင်တုန်းဘက်က ကမ်းပြိုကျမှုဖြစ်စဉ်မှာ မျောပါသွားခဲ့တာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က ကာကွယ်ကူညီရေး လုပ်ငန်းတွေ လုပ်တာ အရမ်းအားနည်းတယ်” လို့ ပြောပါတယ်။

အဲဒီ မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ မိသားစုတွေရဲ့ နေအိမ်တွေ ပြောင်းရွှေ့ရသူတွေ ပိုင်ဆိုင်တဲ့ မြေကွက်လပ်တွေကို ဖျက်ပြီး မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

မအူပင်မြို့နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “မအူပင်မြို့နယ်ဘက်မှာ စက်တင်ဘာလ ပထမအပတ်က ရုတ်တရက် ကမ်းပါးပြိုကျလို့ တနေ့တည်း အိမ် ၉ လုံး အရေးပေါ်ဖျက် ရွှေ့ခဲ့ရတယ်။ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးတွေက စာရင်းလာယူသွားတယ်၊ ဒီနေ့အထိ ဘာအကူအညီမှ မရဘူး” လို့ ပြောပါတယ်။

အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၃၄၀ ထက်မနည်းက လူဦးရေ ၄၀၀ ကျော်အထိ သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီတွေပေးတာ အားနည်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ကမ်းပါးပြိုကျမှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနတွေက စနစ်တကျ ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေ အချိန်မီမလုပ်ရင် ကမ်းပြိုကျမှုတွေ အခုထက် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013