DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ၁၇ မြို့နယ်လုံး၌ အနိုင်ရဟု ကြံ့ခိုင်ရေးပါတီပြော
DVB
·
January 26, 2026
ရန်ကုန် ၁၇ မြို့နယ်လုံး၌ အနိုင်ရဟု ကြံ့ခိုင်ရေးပါတီပြော
Donate to DVB

ဇန်နဝါရီ ၂၅ ရက်က ကျင်းပတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်လုံး ကြံ့ခိုင်ပါတီကိုယ်စားလှယ်လောင်းတွေ အနိုင်ခဲ့တယ်လို့  ပါတီထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးမောင်မြင့်က ပြောပါတယ်။

တရားဝင်မဲရလဒ်ထွက်မလာသေးပေမဲ့ ရန်ကုန်က လမ်းမတော်မြို့နယ်မှာ ဝင်ပြိုင်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး အပါအဝင် ပြိုင်ဘက်အမတ်တွေကို ကြံ့ခိုင်ရေးပါတီက အမတ်လောင်းတွေက အနိုင်ရခဲ့တယ်လို့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဦးမောင်မြင့်က မနေ့ ညပိုင်းမှာပဲ TikTok လူမှုကွန်ရက်စာမျက်နှာမှာ ပြောကြားခဲ့တာပါ။

“မြေပြင်မှာပေါင်းတဲ့ မဲရလဒ်တွေ၊ ကြိုတင်မဲရလဒ်တွေ အဲဒီက မဲကွာခြားချက်တွေပေါ် မူတည်ပြီးတော့ နိုင်တယ်ဆိုတာကို ပြည်သူတွေ ကြိုတင်ဝမ်းမြောက်နိုင်အောင် တင်ပြတာ ဖြစ်ပါတယ်” လို့ ဦးမောင်မြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာလည်း မြို့နယ်ပေါင်း ၂၀၂ မြို့နယ်မှာ ကြံ့ခိုင်ရေးက အမတ်လောင်းတွေ အများစု အနိုင်ရခဲ့ပြီး မွန်၊ ရခိုင်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းနဲ့ ရန်ကုန်က ကြည့်မြင်တိုင်မှာ တခြားပါတီတွေက ကိုယ်စားလှယ် အနည်းအကျဉ်းနဲ့ တသီးပုဂ္ဂလအမတ် တချို့သာ အနိုင်ရခဲ့တာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ကြိုတင်မဲကိစ္စ အငြင်းပွားမှုတွေ ရှိခဲ့သလို မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာလည်း ကြိုတင်မဲကိစ္စ အငြင်းပွားစရာတွေ ရှိနေတယ်လို့ ပါတီခေါင်းဆောင်တချို့က ပြောပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့ကြတဲ့ ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်နဲ့ ဒေါ်စန္ဒာမင်းတို့လို အထင်ကရပုဂ္ဂိုလ်တွေလည်း စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို ရှုံးနိမ့်ခဲ့ပြီး ကြည့်မြင်တိုင်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့ ဇောတိက ဦးခင်လှိုင်ကတော့ မဲအနိုင်ရခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်ရသွားပါတယ်။

မူလက ရွေးကောက်ပွဲအပိုင်း ၃ ကို နိုင်ငံတဝန်း မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ကချင်ပြည်နယ်အတွင်းက မံစီနဲ့ မိုးမောက်မှာ နယ်မြေမတည်ငြိမ်တာကြောင့် ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ စစ်အုပ်စုက ဇန်နဝါရီ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒါကြောင့် မြို့နယ် ၆၁ မြို့နယ်မှာပဲ ရွေးကောက်ပွဲ အပိုင်း ၃ ကို ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းက ၁၇ မြို့နယ် ပါဝင်ခဲ့တာပါ။

ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အကြောင်း နိုင်ငံတကာက ပြောနေပေမဲ့ စစ်ခေါင်းဆောင်ကတော့ နိုင်ငံတကာ အသိအမှတ်မပြုတာကို ဂရုမစိုက်ဘူးလို့ မနေ့က မန္တလေးက မဲရုံတွေကို လိုက်ကြည့်တဲ့အချိန်မှာ ပြောသွားပါတယ်။

ဒါ့အပြင် လာမဲ့ မတ်လမှာ လွှတ်တော်ခေါ်ပြီး အစိုးရသစ်ဖွဲ့ကာ ဧပြီလမှာ စတင်တာဝန်ထမ်းဆောင်မယ်လို့လည်း စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြောထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013