
ရန်ကုန်မြို့ပြင်နဲ့ နေပြည်တော်က နေရာတချို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ပြည်သူတချို့ ဆီဆိုင်တွေမှာ တန်းစီစနစ်နဲ့ ဝယ်ယူနေကြရပါတယ်။
မြန်မာနိုင်ငံက စက်သုံးဆီစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေတည်းက မြင့်တက်လာခဲ့တာဖြစ်ပြီး အခု နိုဝင်ဘာလအရောက်မှာတော့ တချို့ဒေသတွေမှာ စက်သုံးဆီ ဝယ်မရတဲ့ ပြဿနာနဲ့ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။
စက်သုံးဆီ တလီတာကို အနည်းဆုံး ကျပ်ငွေ ၄,၅၀၀ အထိ ရှိနေပြီး ဆီဖြည့်တင်းရာမှာလည်း တပတ်ကို နှစ်ကြိမ်ပဲ ကန့်သတ်ထားမှုတွေ ရှိနေပါသေးတယ်။
နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ထားတဲ့ စျေးနှုန်းတွေအရ ရန်ကုန်မှာ 92 တလီတာကို ကျပ် ၄,၅၃၀ နဲ့ 95 တလီတာကို ကျပ် ၄,၅၅၀ အထိ စျေးနှုန်း ရှိနေတာ ဖြစ်ပါတယ်။











