DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတွင် စစ်ရှောင်များကို ခြိမ်းခြောက်မဲထည့်ခိုင်း
DVB
·
January 25, 2026
ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတွင် စစ်ရှောင်များကို ခြိမ်းခြောက်မဲထည့်ခိုင်း
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့မှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေ နှစ်ဖက် စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားက ရွေးကောက်ပွဲ အပိုင်း ၃ ကို ပြုလုပ်နေပါတယ်။

လက်ရှိမှာလည်း ကော့ကရိတ်မြို့ကနေ စစ်ရှောင်နေတဲ့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်ခေါ်ယူပြီး မဲထည့်ခိုင်းနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “ဒီနေ့ ကော့ကရိတ်မှာ မဲသွားပြန်ထည့်ရမယ်လေ။ ဘယ်လိုပြောရမလဲလို့တောင် မပြောတတ်ဘူး။ မသွားရင်လည်း သွားရမှာပဲဆိုတော့ တချို့သွားတာပေါ့။ တချို့က မသွားဘူး။ ဒါတွေက ပြည်သူတွေ စိုးရိမ်ကြောက်ကြရတဲ့ အချိန်ပဲလေ။ မပေးရင်လည်း မရဘူးဆိုတော့  ပေးရမှာပေါ့။  မသွားရင်လည်း မရဘူးဆိုတော့ သွားရမှာပေါ့။ နင်တို့ မပြန်ရင် နင်တို့ မီးလောင်သွားတဲ့အိမ်တွေ အကွက်တွေ ဘာတွေ မပေးတော့ဘူး၊ အဲဒီလို ပြောနေတယ်။ ခြိမ်းခြောက်တာလား ဘာလား ပြောမတတ်ဘူး။ ဒီအချိန်မှာက စစ်ဘေးရှောင်ရတဲ့ အချိန်ဆိုတော့ အနီတို့ အဝါတို့ အစိမ်းတို့ ဘာတို့က ခွဲခြားလို့မရဘူး။ အကုန်လုံးက ဒုက္ခရောက်နေတာချည်းပဲ” လို့ ပြောပါတယ်။

ရွေးကောက်ပွဲအကြို ဇန်နဝါရီ ၁၇ ရက်ကစပြီး အောက်ဗိုလ်တဲ၊ မိဖာလဲ့ ကျေးရွာအနီးမှာ စစ်တပ်နဲ့ KNLA လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လက်ရှိမှာလည်း မဲဆန္ဒရှင်ပြည်သူတွေဟာ တာဝန်အရ မဲထည့်နေရပေမဲ့ စုံစုံလင်လင် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ မဲဆန္ဒရှင်တယောက်က “မဲထည့်ဖို့ သွားကြတယ်၊ သွားခိုင်းတာကို၊ သွားရမှာပေါ့။ လူတွေက ဦးနှောက်အခြောက်မခံဘူး။ သွားဆို သွားတာပဲ။ ရပ်ကွက်မှာရှိတဲ့ လူကြီးတွေပေါ့။ မဲပေးရမယ် ဘာညာ။ တာဝန်အရပေါ့။ မသွားဘဲ မနေရဲဘူးလေ။ စိုးရိမ်တာပေါ့။ သွားကြတာ အားလုံး စုံစုံလင်လင်တော့ မဟုတ်ပါဘူး။ တချို့လည်း ကျန်တာပေါ့။ ဘယ်စည်မလဲ အရင်တုန်းကနဲ့ ဘာဆိုင်မလဲ။ ဟိုတုန်းက တမျိုးပေါ့။ လုံခြုံရေးတွေ ရှိတော့ ရှိတယ်။ စစ်ကားတွေနဲ့ လှည့်နေတယ်။  ရဲကော စစ်သားကော။ ရဲနဲ့ တပ်နဲ့ပဲ တွေ့တယ်” လို့ ပြောပါတယ်။

ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ ကြံ့ခိုင်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်း အမျိုးသားညီညွတ်ရေးပါတီနဲ့ မွန်၊ ဗမာ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က  “ရွေးကောက်ပွဲ အကောင်အထည်ဖော်ဖို့က တဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ဖြစ်နေတဲ့အခါကျတော့ စကမ ထိန်းချုပ်လို့ရမဲ့ ဧရိယာလောက်က လူတွေကို မဲလာထည့်ဖို့ အတင်းအဓမ္မ ဖိအားပေးမယ်။ ဖိအားပေးတဲ့ပုံစံက ဘားအံမှာ ဖိအားပေးတဲ့ ပုံစံအတိုင်း။ မဲလာပေး၊ မဲလာမပေးရင် အိမ်တွေ ယာတွေ သိမ်းမယ်။ ချိပ်ပိတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေက ဒါ စကမဘက်ကနေ လုပ်လာတဲ့အတွက်ကြောင့် စစ်မှန်တဲ့ ရွေးကောက်ပွဲ ပြောလို့မရဘူး။ တမင်သက်သက်ကြီးကို ရွေးကောက်ပွဲ အောင်မြင်အောင် သူတို့ရဲ့ ဆန္ဒအလိုက် အတင်းအဓမ္မ အကောင်အထည်ဖော်နေတယ် ဆိုတာမျိုး ပေါ်ပေါက်နေတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ စစ်ကြောင်းထိုးနေတာ၊ မြေပြင်ကနေ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပနေတဲ့ ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၁၁ ခုမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013