DVB Logo
Home
နိုင်ငံတကာ
တရုတ်နှင့် ပူးပေါင်းလျှင် ကနေဒါကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
January 25, 2026
တရုတ်နှင့် ပူးပေါင်းလျှင် ကနေဒါကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

ကနေဒါကသာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ် ချုပ်ဆိုမယ်ဆိုရင် ကနေဒါ ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၄ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ဘယ်လိုသဘောတူညီချက်မျိုး ဆိုတာကိုတော့ ထရမ့်ပ်ရဲ့ Truth Social ပို့စ်မှာ အသေးစိတ် မဖော်ပြထားပါဘူး။

ပြီးခဲ့တဲ့အပတ်တုန်းက ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးဟာ တရုတ်နဲ့ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းမှုတရပ်အကြောင်း ကြေညာခဲ့ပြီး စည်းကြပ်ခွန်တွေ လျှော့ဖို့ပါ သဘောတူခဲ့ပါတယ်။

အဲဒီတုန်းကတော့ ကောင်းတဲ့ကိစ္စပဲလို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကာနေးက အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာ့အာဏာစဉ် ပျက်ပြီလို့ ဝေဖန်ခဲ့ချိန်မှာတော့ ၂ နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။

ကာနေးက ထရမ့်ပ်ကို နာမည်မတပ်ဘဲ မဟာအင်အားကြီးတွေရဲ့ စီးပွားရေးအရ အကျပ်ကိုင်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ အလယ်အလတ် အင်အားကြီးနိုင်ငံတွေ ညီညွတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီမှတ်ချက်တွေအပေါ် နောက်တနေ့မှာ ထရမ့်ပ်က တုံ့ပြန်ခဲ့ပြီး အမေရိကန်ကြောင့် ကနေဒါ အသက်ရှင်နေတာလို့ မှတ်ချက်ချခဲ့ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်ဖို့ ကနေဒါအပေါ် ဖိတ်ကြားထားမှုကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ကာနေးဟာ တရုတ်ကုန်စည်တွေ အမေရိကန်ထဲ သွင်းဖို့ ကနေဒါကို ကုန်ချဆိပ်ကမ်းလို လုပ်ဖို့ ကြံစည်နေတယ် ဆိုရင်တော့ အမှားကြီး မှားသွားပြီလို့လည်း ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။

ကနေဒါရဲ့ အမေရိကန်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး ဒေါမနစ်လာဘလန့်က “တရုတ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ယူဖို့ ကြိုးပမ်းနေတာမရှိဘဲ အရေးကြီးတဲ့ စည်းကြပ်ခွန်ကိစ္စတွေမှာပဲ သဘောတူညီခဲ့တာ” လို့ ဖြေရှင်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013