
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရေလုပ်သား ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်တဲ့ အရပ်သား ၄ ယောက်ကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်က ကြိုးတွေနဲ့တုပ်ပြီး စစ်ဆေးဖို့ရှိတယ် ဆိုကာ ဖမ်းခေါ်သွားတာဖြစ်ပါတယ်။
ဒေသခံတယောက်က “ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ချောင်းဝတံတားအနီးမှာ အဖမ်းခံရတာ။ အဖမ်းခံရတဲ့သူတွေက ကျောက်ဖြူဘက်ကနေ ရေလုပ်ငန်း လာလုပ်သူတွေလို့လည်း သိရတယ်” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ ရေလုပ်သား ၄ ယောက်ထဲမှာ လူလတ်ပိုင်း အမျိုးသား ၂ ယောက်နဲ့ သက်ကြီးပိုင်း အမျိုးသား ၂ ယောက်ဖြစ်ပြီး ဘယ်ကိုဖမ်းသွားတယ် ဆိုတာတော့ မသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “AA တပ်ဖွဲ့ဝင်တွေလို့ ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းတာလို့ တပ်ဘက်ကပြောနေတယ်။ အဖမ်းခံရတာက အမျိုးသားတွေချည်းပဲ။ ရေတပ်က ဖမ်းတာလို့ သိရတယ်” လို့ ပြောပါတယ်။
လတ်တလော ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်းဒေသမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားသလို ရေတပ်နဲ့ ခြေလျင်တပ် ပေါင်းပြီး ကင်းလှည့် စစ်ဆေးတာတွေလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ပြင်မှာ ရေလုပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။











