
ဂရင်းလန်းအရေးမှာ ဥရောပက သတ္တိပိုပြီးရှိရမှာ ဖြစ်ကြောင်းနဲ့ ရုရှားရေနံတင်သင်္ဘောတွေကို အမေရိကန်က ဖမ်းနေသလို ဥရောပက ဘာလို့မဖမ်းလဲဆိုတာ ယူကရိန်းသမ္မတ ဇလန်းစကီးက ဝေဖန်ခဲ့ပြီး မေးခွန်းထုတ်လိုက်ပါတယ်။
ဂရင်းလန်းအရေးနဲ့ ပတ်သက်ပြီး ဥရောပရဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့ ဇလန်းစကီးက ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ရဲရဲတောက် ပြောဆိုခဲ့တာပါ။
“ကမ္ဘာတဝန်းလုံး လွတ်လပ်မှုတွေကို ဦးဆောင်ကာကွယ်ရမဲ့အစား အမေရိကန်နိုင်ငံဟာ တခြားနေရာတွေကို အာရုံစိုက်နေပါတယ်။ အမေရိကန်သမ္မတ စိတ်ပြောင်းအောင် ဥရောပရဲ့ ကြိုးစားမှု မအောင်မြင်တဲ့ပုံစံပါပဲ” လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
ဒါ့အပြင် ဇလန်းစကီးက ရုရှားရဲ့ အရိပ်အုပ်စု ရေနံတင်သင်္ဘောတွေကို အမေရိကန်သမ္မတ ထရမ့်ပ်က ဖမ်းဆီးမှုတွေ ပြုလုပ်ပြီး ဥရောပက အမေရိကန်လို ဘာကြောင့်မလုပ်လဲ ဆိုတာလည်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။
“သမ္မတထရမ့်ပ်က ရုရှားရေနံတင်သင်္ဘောတွေ ဖမ်းနေချိန်မှာ ဥရောပက ဘာကြောင့် အဲ့လိုမလုပ်တာလဲ၊ ဥရောပကမ်းခြေတလျှောက်မှာ ရုရှားရေနံစည်တွေ တင်ပို့ ရောင်းချနေကြပါတယ်။ အဲဒီကရတဲ့ ငွေတွေက ယူကရိန်းကို စစ်တိုက်ဖို့ ရန်ပုံငွေတွေပါ။ ဥရောပတိုက်ကို မတည်ငြိမ်ဖြစ်စေတာကလည်း ဒီရေနံတွေပါပဲ” လို့ ဇလန်းစကီးက ဥရောပကို စိန်ခေါ် ပြောဆိုခဲ့ပါတယ်။
အီးယူဟာ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှု ၁၉ ခုကို ပက်ကေ့တွေနဲ့ ပိတ်ပင်ထားပေမဲ့ ရုရှားနိုင်ငံဟာ အိန္ဒိယ၊ တရုတ်တို့ကို လျှော့ဈေးတွေနဲ့ ရေနံစည်ပေါင်း သန်းနဲ့ချီ ရောင်းချနေပါတယ်။
ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေကိုတော့ အရိပ်အုပ်စုဆိုတဲ့ ရေနံတင်သင်္ဘောတွေ မှောင်ခိုရောင်းချမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Reuters











