DVB Logo
Home
မြန်မာသတင်း
အမေရိကန်၏ အမျိုးသားအရေးပေါ်အခြေအနေအဖြစ် မြန်မာကိုသက်တမ်းတိုးမည့် အလားအလာ
DVB
·
January 23, 2026
အမေရိကန်၏ အမျိုးသားအရေးပေါ်အခြေအနေအဖြစ် မြန်မာကိုသက်တမ်းတိုးမည့် အလားအလာ
Donate to DVB

အမေရိကန်နိုင်ငံအတွက် အမျိုးသားအရေးပေါ်အခြေအနေ၊ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို အိမ်ဖြူတော်က သက်တမ်းထပ်တိုးပေးရေး မြန်မာ့အရေး ဆောင်ရွက်သူတွေက ကြိုးစားနေပါတယ်။ 

ဒီကြေညာချက်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ။

မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး အမျိုးသားအရေးပေါ်အခြေအနေအဖြစ် သက်တမ်းတနှစ်ထပ်တိုးကြောင်း သမ္မတအိမ်ဖြူတော်က ၂၀၂၅ ဖေဖော်ဝါရီ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

၂၀၂၅ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုပြီး ၂ ပတ်အကြာမှာ ဒီကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ကြေညာချက်အထုတ်ခံရတဲ့နိုင်ငံတွေရဲ့ အခြေအနေကို ပြန်လေ့လာဆန်းစစ်ပြီး အမေရိကန် သမ္မတအိမ်ဖြူတော်က တနှစ်တကြိမ် ကြေညာချက် ပြန်ထုတ်ပြန်လေ့ရှိတာ ဖြစ်ပါတယ်။

အခု ၂၀၂၆ ခုနှစ်မှာလည်း အိမ်ဖြူတော်က အချိန်နဲ့တပြေးညီ ကြေညာချက်ထုတ်ပြန်လာဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက မျှော်မှန်းနေကြတာပါ။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက “အစိုးရပိုင်းကိုတော့ ကျနော်တို့ ထိုးဖောက်တဲ့နေရာမှာ နည်းနည်းတော့ အားနည်းတယ်။ ဒုတိယသမ္မတနဲ့တော့ ကျနော်တို့ ထိုးဖောက်တာရှိတယ်။ ကျနော်တို့အဖွဲ့တွေပေါ့နော်၊ မြန်မာ့အရေးလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကတော့ အစိုးရပိုင်းနဲ့ ပတ်သက်ရင်တော့ ဒုတိယသမ္မတနဲ့ တော်တော်လေး ထိုးဖောက်မှုကောင်းတယ်၊ အဆက်ဆံရှိတယ်။ ဒါပေမဲ့လည်း ဒုတိယသမ္မတကလည်း သူက မြန်မာပြည်နဲ့ ပတ်သက်လို့ရှိရင် ထရမ့်ပ်အနေနဲ့ စိတ်ဝင်စားမှုနည်းတယ် ဆိုတာမျိုး ပြောထားတာပေါ့နော်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်စေ ကျနော်တို့ကတော့ တွန်းအားပေးတယ်။ TPS ကိုလည်း သက်တမ်းတိုးဖို့လိုသလို မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ US ရဲ့ ပေါ်လစီပေါ့နော်၊ ထရမ့်ပ်က မနှစ်က ၂၀၂၅ မှာတုန်းက မြန်မာပြည်မှာ အန္တရာယ်ရှိသေးတယ်၊ စိတ်မချရတဲ့နိုင်ငံဖြစ်တယ် ဆိုတဲ့ဟာကို ဆက်ပြီးတော့ အတည်ပြုထားတယ်။ ဒါပေမဲ့ အဲဒီ အတည်ပြုရမဲ့အချိန်လည်း ရောက်နေပြီဆိုတော့ ကျနော်တို့အနေနဲ့တော့ ကွန်းဂရက်စ်အပိုင်းက နေပြီးတော့ တောက်လျှောက် တွန်းတာမျိုးတော့ ရှိတယ်နော်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအပေါ် မူတည်ပြီး နိုင်ငံတကာအစိုးရတွေက သူတို့ရှေ့ဆက်မဲ့ နိုင်ငံခြားရေးနဲ့ စီးပွားရေး မူဝါဒတွေကို စဉ်းစားဆုံးဖြတ်လေ့ရှိတာပါ။

ဒါကြောင့် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်တွေဟာ တော်လှန်ရေးအင်အားစုတွေဘက်က အားသာချက်မရရင်တောင် စစ်ကောင်စီဘက်က အသာမရသွားဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ကွန်းဂရက်စ်က ပြောလို့ရတယ်၊ အစိုးရပိုင်းက ပြောဖို့ခက်တယ်ဗျာ။ ကျနော်တို့ကလည်း ကပ်တောင်းနေရတယ် ဆိုတော့လေ။ National Emergency Declaration အဲဒါကို ကျနော်တို့ ရုပ်သိမ်းမှာ စိုးလို့လေ။ ထရမ့်ပ်က ဆက်ပြီး လက်မှတ်မထိုးရင် ဆန်ရှင်တွေ အကုန်ပျောက်သွားမှာစိုးလို့ အဲဒါကို ကျနော်တို့ စည်းရုံးနေရတယ်။ သူက တနှစ်တခါ ပြန်ပြီးတော့ ဆန်းစစ်အသိမှတ်ပြုတာ လုပ်ရတာကိုး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ်ကြောင်း  ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒင်က စတင်ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု အမျိုးသားအရေးပေါ်အခြေအနေ အက်ဥပဒေနဲ့အညီ ဒီကြေညာချက်ကို အိမ်ဖြူတော်က ၄ နှစ်ဆက်တိုက် သက်တမ်းထပ်တိုးခဲ့ပါတယ်။

သမ္မတထရမ့်ပ်က ၂၀၂၅ မှာ ဒီကြေညာချက်ကို သက်တမ်းထပ်တိုးခဲ့တာကြောင့် ယာယီခိုလှုံခွင့် TPS ကို သက်တမ်းထပ်တိုးခံစားခွင့်ရဖို့၊ စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားစာနာ အကူအညီတွေ ဆက်ရဖို့ စတာတွေကို တော်လှန်ရေးအင်အားစုတွေဘက်က မျှော်မှန်းခဲ့ပေမဲ့ အမေရိကန်ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာ့အရေးဟာ မှေးမှိန်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013