
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အမေရိကန်ခရီးစဉ်ကို ဆန့်ကျင်တဲ့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့နဲ့ အိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲတွေမှာ မြန်မာ့အရေးဆောင်ရွက်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၃ ကနေ ၂၅ ရက်အထိ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ ကို နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံခဲ့တာပါ။ အခုခရီးစဉ်ထူးခြားချက်ကတော့ အမေရိကန်သမ္မတကိုယ်တိုင်က တရုတ်သမ္မတကို လေဆိပ်အထိ သွားရောက်ကြိုဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်သမ္မတကို အမေရိကန်က ကြိုဆိုဧည့်ခံတဲ့ပုံစံတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ရောက် နိုင်ငံတကာဒီမိုကရေစီအရေးလှုပ်ရှားသူတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။
ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း တရုတ်လူမျိုး ဒီမိုကရေစီလိုလားသူတွေရဲ့ ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးနဲ့ အိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲတွေမှာ မြန်မာ့အရေးဆောင်ရွက်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
မြန်မာ့အရေးဆောင်ရွက်သူ မမင်းမင်းက “ရှီကျင့်ဖျင်က နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ သမ္မတထရမ့်ပ် ကို လာတွေ့တယ်။ အဲ့ဒီအတွက် တိဗက်ပြည်သူတွေ၊ ဝီဂါတွေ၊ ထိုင်ဝမ်၊ ဟောင်ကောင်က လူတွေနဲ့ ပူးပေါင်းပြီး တရုတ်သမ္မတ အမေရိကန်ကိုလာတာ မကြိုဆိုဘူးဆိုတာ ပြောဖို့ ကျမတို့ စုစည်း ဖြစ်တာပါ၊ အရှေ့တောင်အာရှဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ကျမတို့ကြုံနေရတဲ့ စိုးရိမ်မှုတွေ အတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
နယူးယောက်မြို့မှ ပူးပေါင်းပါဝင်သူ မလေးဖြူ က “စစ်အာဏာရူး မင်းအောင်လှိုင်ကို မထောက်ခံဖို့၊ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကို စာနာပေးဖို့၊ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တရုတ်သံရုံးမှာ ရှီကျင့်ဖျင်ကို ဆန္ဒလာပြတာ” လို့ ပြောပါတယ်။
တရုတ်အစိုးရက မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့နဲ့ ပြည်သူတွေဘက်က ရပ်တည်ဖို့ အမေရိကန်ရောက်မြန်မာတွေက တိုက်တွန်းတောင်းဆိုခဲ့တာပါ။
တရုတ်သမ္မတရဲ့ နိုင်ငံတော်ခရီးစဉ်ကာလဖြစ်တဲ့အတွက် အာဏာပိုင်တွေက ခွင့်ပြုချက် မပေးတာ ကြောင့် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေ စုစည်းခွင့်မရခဲ့ဘဲ သံရုံးအနောက်ခြမ်းမှာ သွားရောက် ဆန္ဒပြခဲ့ရပါတယ်။
မြန်မာ့အရေးဆောင်ရွက်သူ ဒေါက်တာထွန်းဝေက “တရုတ်သမ္မတ အမေရိကန်ကိုရောက်တုန်းမှာ အမေရိကန်သမ္မတ ထရမ့်ပ်တွေ့တဲ့အချိန်မှာ ဒီသမ္မတနှစ်ယောက်စလုံးက မြန်မာပြည်အရေးအတွက် စဉ်းစားပေးဖို့၊ မြန်မာပြည်အတွက် ကောင်းမွန်တဲ့ မူဝါဒတွေ ချပေးဖို့အတွက် ကျနော်တို့ဆန္ဒပြ နေတယ်၊ ပြီးတော့ အမေဒေါ်အောင်ဆန်းစုကြည် Free Her Movement ကိုလည်း အားလုံးဝိုင်းဝန်းပံ့ပိုးပေးကြပါ။ အမေဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်တဲ့အခါမှာ ကျနော်တို့ပြည့်ပြည့်ဝဝထူထောင်နိုင်ပါမယ်” လို့ ပြောပါတယ်။
တရုတ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်မှာ ထိုင်ဝမ်အရေးကို ထည့်သွင်းဆွေးနွေးတာ ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပေမဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ထိုင်ဝမ်အရေးဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အတိအလင်းဖော်ပြချက် မရှိခဲ့ပါဘူး။
ကုန်သွယ်ရေးတင်းမာမှု ညှိနှိုင်းရေးနဲ့ ပတ်သက်တဲ့ အချက်တွေ၊ ဉာဏ်ရည်တု AI ထိန်းချုပ်ရေး ကိစ္စ တွေနဲ့ မြေရှားသတ္တုရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း သတင်းကိုသာ နှစ်ဖက်အစိုးရတွေက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်သမ္မတရဲ့ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်တာနဲ့ပတ်သက်ပြီး တရုတ်ပြည်မကြီးကနေ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ တရုတ်လူမျိုး ဒီမိုကရေစီလိုလားသူတွေက အခုလို မှတ်ချက်ပေးပါတယ်။
တရုတ်ပြည်မှ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူ Yi Zhang က “ရှီကျင့်ဖျင် အမေရိကန်ကို လာတယ်၊ သူက တကမ္ဘာလုံးရဲ့ရန်သူပါ။ အဲ့ဒါကြောင့် ကျနော်တို့ ဒီကိုလာတာ၊ တရုတ်လူမျိုးတွေ အတွက်ချည်းပဲ မဟုတ်ပါဘူး၊ တကမ္ဘာလုံးက ပြည်သူတွေအတွက်ပါ။ အနောက်နိုင်ငံတွေနဲ့ အသွင်တူတဲ့ ဒီမိုကရေစီယဉ်ကျေးမှုစနစ် တရုတ်ပြည်ကို ပြန်ရောက်ရှိလာဖို့ ကျနော်မျှော်လင့် ပါတယ်” လို့ ပြောပါတယ်။
တရုတ်ပြည်မှ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူ Bin Li က “ပြည်မကြီးက ပြည်သူတွေဆီ ဒီမိုကရေစီ ပြန်ပေးပါ။ ထိုင်ဝမ်ရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုပါ။ ပြီးတော့ ဟောင်ကောင်ကို တည်ငြိမ်တဲ့ အခြေအနေ ပြန်တည်ဆောက်ပေးပါ။ ကျနော် မြင်တွေ့ချင်တာ ဒါပါပဲ။ ဒါက တရုတ်ပြည်မကြီးက အောက်ခြေပြည်သူ ၁.၄ ဘီလီယံရဲ့ စစ်မှန်တဲ့အသံဖြစ်ပါတယ်။ ဒါက ဖိအားပေးခံရလို့ အကြောက်တရားကနေ ထွက်လာတဲ့အသံမဟုတ်ပါဘူး။ အမှန်တရားကနေ ထွက်လာတဲ့အသံဖြစ်ပါတယ်” လို့ ပြောပါတယ်။
သမ္မတရှီကျင့်ဖျင်ဟာ ၂၀၁၅ စက်တင်ဘာ အမေရိကန်ခရီးစဉ်အပြီး ၁၁ နှစ် အကြာမှ ဝါရှင်တန်ဒီစီ ကို ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက တရုတ်နိုင်ငံ၊ ဘေဂျင်းကို သမ္မတထရမ့်ပ်သွားရောက်ခဲ့ပြီး အဲ့ဒီခရီးစဉ်မှာ လည်း စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်းသာ သတင်းအတည်ပြုချက် ရှိခဲ့ပါတယ်။
လက်တွေ့မှာတော့ အင်အားကြီး ၂ နိုင်ငံဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသဖြင့် ကဏ္ဍစုံမှာ မကျေလည်မှု ပြင်းထန်နေတာဖြစ်ပါတယ်။










