နေပြည်တော်၌ တရုတ်သံရုံးက ဆက်သွယ်ရေးရုံးသစ်ဖွင့်

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက စစ်အာဏာရှင်ရုံးစိုက်ရာ နေပြည်တော်မှာ ဆက်သွယ်ရေး ရုံးသစ်ကို နိုဝင်ဘာ ၂၀ ရက် မနက်က ဖွင့်လှစ်ခဲ့ပါတယ်။
ဆက်သွယ်ရေးရုံးသစ်ကို တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကိုကိုကျော် တို့က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး တရုတ်နဲ့ ဝန်ကြီးဌာနတွေကြား ဆက်သွယ်မှု ပိုမိုအားကောင်းစေဖို့လို့ ဆိုပါတယ်။
နေပြည်တော်မှာ တရုတ်က ဆက်သွယ်ရေးရုံးသစ် ဖွင့်တာနဲ့ ပတ်သက်ပြီး စစ်ဘက်သတင်းရင်းမြစ် တယောက်က "ICJ ကနေ ဖြစ်လာမဲ့ ပြဿနာတွေမှာ တရုတ်နိုင်ငံရဲ့ အကူအညီ အများကြီး လိုတယ်။ ဒါကြောင့် နေပြည်တော်မှာ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးရုံးသစ် ဖွင့်တာ။ နိုင်ငံခြားရေး ဒုဝန်ကြီးကလည်း တပ်ချုပ်၊ ဒုချုပ်တို့ထက် စီနီယာစောတော့ သူ့ရဲ့ အကြံဉာဏ်တွေ အများကြီး ပါတယ်”လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရချိန် စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က DSA ၂၈ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်ကိုကိုကျော်ကို နိုင်ငံခြားရေး ဒုဝန်ကြီးနေရာ ပေးခဲ့တာပါ။
အငြိမ်းစားအရာရှိတယောက်က "စစ်ဘက်မှာ တရုတ်၊ ရုရှားနဲ့ အနီးကပ်ဆက်ဆံရေးရှိတာ ဗိုလ်ချုပ်ကိုကိုကျော်ပဲ ရှိတယ်။ ဒါကြောင့်လည်း သူ့ကို နိုင်ငံခြားရေးဒုဝန်ကြီး ခန့်တာ။ ရည်ရွယ်ချက် က ICJ မှာ ပြဿနာဖြစ်လာရင် ရုရှားနဲ့ တရုတ်ဆီက အကူအညီတောင်းရအောင်" လို့ ပြောပါတယ်။
နေပြည်တော်မှာ တရုတ်သံရုံးက ဆက်သွယ်ရေးရုံးသစ် ဖွင့်ပြီး ရုရှားနိုင်ငံကလည်း ဆက်သွယ်ရေးနဲ့ နည်းပညာစင်တာ ဖွင့်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ DVB အနေနဲ့ အတည် မပြုနိုင်သေးပါဘူး။
မနေ့က ပြုလုပ်တဲ့ သမ္မတဝန်ကြီးဌာနရုံး သတင်းစာရှင်းလင်းပွဲမှာ စစ်အာဏာရှင်သမ္မတရုံး ဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးကလည်း ICJ နဲ့ ICC အပေါ် အမေရိကန်၊ တရုတ်နဲ့ ရုရှား သဘောထားကို ကိုးကားပြောဆိုသွားပါတယ်။
တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ နေပြည်တော်မှာ ဆက်သွယ်ရေးရုံးသစ် ဖွင့်တာဟာ တရုတ်နဲ့ နေပြည်တော်က ဝန်ကြီးဌာနတွေကြား ဆက်သွယ်မှု ပိုမိုအားကောင်းစေတယ်လို့ ပြောထားပါတယ်။











