အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန်သစ် ကေတီ ဇာကာရီးယားဟာ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ သူ့ခင်ပွန်းနဲ့ သမ္မတ မှားပြောခဲ့သလို ရှေ့နေအရည်အချင်းနဲ့ ပတ်သက်ပြီးလည်း မေးခွန်းထုတ်ခံနေရပါတယ်။
အောက်တိုဘာ ၁၃ ရက် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ အလုပ်နဲ့ မိသားစုဘဝကို ဘယ်လို ချိန်ညှိမလဲဆိုတဲ့ မေးခွန်းကို သူက ဖြေခဲ့ပါတယ်။
မိသားစုမွေးနေ့ပွဲ ၂ ခုကို အတူကျင်းပဖို့ ခင်ပွန်းက ကလေး ၄ ယောက်နဲ့အတူ ဝါရှင်တန်ကို လိုက်လာတဲ့အကြောင်း ပြောရာမှာ စကားမှားခဲ့ပါတယ်။
ခင်ပွန်းအကြောင်း ပြောနေတုန်းမှာ ကျမရဲ့ သမ္မတလို့ မှားပြောမိခဲ့ပြီး ကျမရဲ့ ခင်ပွန်းလို့ ချက်ချင်း ပြန်ပြင်ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ကို attorney လို့ မိတ်ဆက်ခဲ့ပြီး သူကိုယ်တိုင်ကတော့ lawyer လို့ သုံးနှုန်းထားပါတယ်။
ဇာကာရီးယားဟာ ပက်ပါဒိုင်းတက္ကသိုလ်က ဥပဒေဘွဲ့ ရထားပေမဲ့ ကယ်လီဖိုးနီးယား ရှေ့နေအရည်အချင်းစစ်စာမေးပွဲ မအောင်ခဲ့ဘူးလို့ Wall Street Journal က ဖော်ပြပါတယ်။
ဘယ်ပြည်နယ်မှာ စာမေးပွဲအောင်ခဲ့သလဲလို့ သတင်းထောက်က မေးရာမှာတော့ “တရုတ်နိုင်ငံကို ပြောင်းသွားတုန်းက” လို့ သူက ဖြေခဲ့ပါတယ်။
သူ့ကိုယ်သူ lawyer လို့ ခေါ်နိုင်ပေမဲ့ attorney လို့ မခေါ်ဖို့ တက္ကသိုလ်ပါမောက္ခချုပ်က အကြံပြုခဲ့တယ်လို့ ဇာကာရီးယားက ဆိုပါတယ်။
အမေရိကန်မှာ attorney နဲ့ lawyer ကို အများအားဖြင့် လိုင်စင်ရရှေ့နေဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးပြီး ဥပဒေဘွဲ့ရရုံနဲ့ ရှေ့နေအဖြစ် လုပ်ကိုင်ခွင့် မရပါဘူး။
တရုတ်နိုင်ငံမှာတော့ လိုအပ်တဲ့ အသိအမှတ်ပြု အထောက်အထားတွေနဲ့ နိုင်ငံတကာ အရောင်းအဝယ်ဆိုင်ရာ ဥပဒေလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
လိုင်စင်မရှိဘဲ ရှေ့နေအဖြစ် ဖော်ပြခဲ့သလားဆိုတာ စုံစမ်းဖို့ Campaign for Accountability အဖွဲ့က အောက်တိုဘာ ၁၄ ရက်မှာ ကယ်လီဖိုးနီးယားရှေ့နေများအသင်းကို တိုင်ကြားထားပါတယ်။











