
လောင်စာဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကို လျှော့ချဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ “အနီရောင်ဆိုးဆေးပါတဲ့ ဒီဇယ်ဆီ” ရောင်းချမှုကို ပိုကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးမဲ့ စည်းမျဉ်းဆိုင်ရာ ဖြေလျှော့မှုတွေကို အိမ်ဖြူတော်က စဉ်းစားနေပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ဝယ်ယူသူတချို့ကို ဖယ်ဒရယ်အစိုးရရဲ့ လောင်စာဆီအခွန် ကင်းလွတ်ခွင့် ရစေနိုင်လိမ့်မယ်လို့ ဆွေးနွေးပွဲတွေနဲ့ ရင်းနှီးကျွမ်းဝင်သူ ၂ ယောက်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေကြောင့် ဒီဇယ်ဆီဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာနေတာပါ၊
ဒီအချိန်မှာ ဒီဇယ်ဆီတင်ပို့မှု ပိတ်ပင်တားဆီးရေးကို ရွေးချယ်စရာတခုအဖြစ် ဆွေးနွေးခဲ့ကြပေမဲ့ အခု “အနီရောင်ဆိုးဆေး ပါတဲ့ ဒီဇယ်ဆီ”အတွက် အဆိုပြုချက်ဟာ အစိုးရအဖွဲ့အတွင်း ရက်ပေါင်းများစွာ ဆွေးနွေးအပြီး ထွက်ပေါ်လာတဲ့ အဓိကရွေးချယ်စရာ နည်းလမ်းတခု ဖြစ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တင်ပို့မှုပိတ်ပင်ရေးကို ထောက်ခံခဲ့ပေမဲ့ ရေနံလုပ်ငန်းနဲ့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် ထောက်ခံမှုနှုန်းထားတွေ ဖိအားတွေကြား ရောက်နေချိန်မှာ လောင်စာဆီဈေးနှုန်းတွေ လျှော့ချပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာနေပါတယ်။
ဒါ့ကြောင့် ထရမ့်ပ်အစိုးရက လောင်စာဆီထောက်ပံ့ဖြန့်ဖြူးမှုကို မထိခိုက်စေဘဲ တခြားစီးပွားရေး ကဏ္ဍတွေမှာ ကုန်ကျစရိတ်တွေ ထပ်မတိုးစေဘဲ ဒီဇယ်ဆီဈေးနှုန်းတွေ လျှော့ချနိုင်ဖို့ နည်းလမ်းရှာနေပါတယ်။
သမ္မတ ထရမ့်ပ်ရဲ့ စွမ်းအင်ဝန်ကြီး ခရစ်စ်ရိုက်ထ်က ဒီလုပ်ဆောင်ချက်မှာ ပါဝင်ဆောင်ရွက်ချင်စိတ် ရှိ၊ မရှိ သိနိုင်ဖို့ ရေနံချက် စက်ရုံကြီးတချို့က အမှုဆောင်အရာရှိတွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။
ဘယ်လို နောက်ဆုံး ဆုံးဖြတ်ချက်ကိုမှ မချမှတ်ရသေးပေမဲ့ သမ္မတအနေနဲ့ ဈေးနှုန်းတွေ လျှော့ချနိုင်မဲ့ နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားနေတယ်လို့ အိမ်ဖြူတော် အရာရှိတယောက်က ပြောခဲ့ပါတယ်။
ဒီဇယ်ဆီ တင်ပို့ရောင်းချမှုကို ပိတ်ပင်တားမြစ်ဖို့ကိစ္စရပ်ကို “အလွန်အလေးအနက်” စဉ်းစားသုံးသပ်နေတယ်လို့ သမ္မတ ထရမ့်ပ်က အီလီနွိုက်ပြည်နယ်မှာ ကျင်းပတဲ့ သမ္မတဖလား ဂေါက်သီးပြိုင်ပွဲကို တက်နေချိန် စက်တင်ဘာလ ၂၇ ရက်က Fox News သတင်းဌာနက သတင်းထောက်ကို ပြောပါတယ်။
Source: Reuters










