DVB Logo
Home
မြန်မာသတင်း
စလင်းတွင် စစ်တပ် ပစ်ခတ် မီးရှို့မှုကြောင့် စစ်ရှောင်ကလေးငယ် အပါအဝင် ၂ ဦးသေဆုံး
DVB
·
January 23, 2026
စလင်းတွင် စစ်တပ် ပစ်ခတ် မီးရှို့မှုကြောင့် စစ်ရှောင်ကလေးငယ် အပါအဝင် ၂ ဦးသေဆုံး
1 / 3
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ ရက်ကနေ ၂၀ ရက်အထိ ဒရုန်း အပါအဝင် လက်နက်ကြီးတွေနဲ့ ၄ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လူနေအိမ်တွေလည်း မီးရှို့ဖျက်ဆီးတာကြောင့် စစ်ဘေးရှောင် ၁ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စလင်းမြို့ပေါ်ကနေ အင်အား ၈၀ လောက်ပါလာတဲ့ စစ်တပ်စစ်ကြောင်းက ပန်းတိမ်ကုန်း၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ပန်းတော၊ ကျခတ်ကုန်းနဲ့ ဥယျာဥ်စု ရွာတွေဘက်ကို ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်ခဲ့သလို လူနေအိမ်တွေကို လည်း မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြည်သူ့ညီနောင်-စလင်းရဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။

“ဒရုန်း ၂ စီးနဲ့ ​​ဗုံးကြဲလို့ ကျခတ်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်းမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင် အသက် ၇၀ ဝန်းကျင်အရွယ် ဦးသစ်ကျား ကတော့ နေရာမှာတင် အသက်ဆုံးရှုံးသွားပြီး ၁ နှစ်အရွယ် ကလေးငယ်လေးကတော့ ဆေးကုသနေရင်း ဆုံးသွားပါတယ်။ အဲဒီမှာလည်း ဒဏ်ရာရသူ ၂ ယောက်လည်း ရှိခဲ့တယ်။ စစ်တပ်ဘက်က ဝမ်းပြည့်ရွာထဲကို ဒရုန်းနဲ့ ဗုံးချခံရတုန်းကလည်း မိသားစုဝင် ၄ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါသေးတယ်။ တခြားရွာတွေက လက်နက်ကြီးထိတဲ့ ​ပြည်သူတွေ အပါအဝင် ဒဏ်ရာရသူတွေ ၁၅ ယောက် ဝန်းကျင်လောက်အထိ ရှိပါတယ်။”

အဆိုပါ စစ်ကောင်စီစစ်ကြောင်းရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေ အပြင် လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ပန်းတိမ်ကုန်း၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ပန်းတော၊ ကျခတ်ကုန်းနဲ့ ဥယျာဥ်စုကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၈ ရွာထက်မနည်းက ဒေသခံပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

စလင်းမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “၂၂ ရက်နေ့အထိ စစ်တပ်စစ်ကြောင်း ရှိနေသေးလို့ မီးရှို့ခံရတဲ့ရွာတွေက ပျက်စီးတဲ့ အိမ်အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ပြည်သူတွေလည်း စစ်ရှောင်နေကြရဆဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာက ဆုံးသွားတဲ့ ကလေးငယ်လေးက ကျန်ခဲ့တဲ့ ၁ နှစ်လောက်က စစ်ဘေးရှောင်တဲ့နေရာမှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ စစ်ရှောင်တဲ့ နေရာမှာပဲ စစ်တပ်ရဲ့ ဒရုန်းဗုံးသီး ကြဲချခံရတာကြောင့် သေဆုံးသွားခဲ့ရတာပါ” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း သေဆုံးသွားတဲ့ ၁ နှစ်အရွယ် ကလေးငယ်လေးရဲ့ မိခင်ဖြစ်သူဟာလည်း ဒဏ်ရာအပြင်းအထန် ရရှိထားပြီး တခြား ဒဏ်ရာရရှိထားသူတွေနဲ့အတူ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၂ ရက်အထိ အင်အား ထပ်မံဖြည့်တင်းနေတာကြောင့် အင်အား ၂၀၀ နီးပါးအထိ ရှိသွားသလို စလင်းမြို့ပေါ်က စစ်ကောင်စီတပ် လက်အောက်ခံတွေကလည်း ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေကြတယ်လို့ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013