
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်လျှပ်စစ်ရုံးက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇွန် ၁၀ ရက်နေ့မှာ မကျီးစင်ကျေးရွာကိုဝင်ရောက်ပြီး အမျိုးသမီး ၁ ယောက်ကို သတ်ဖြတ်ခဲ့သလို ပြည်သူတွေကို အဓမ္မပြုကျင့် ညှဉ်းပန်း နှိပ်စက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “တညောင်လျှပ်စစ်ရုံးမှာတပ်စွဲနေတဲ့အထဲက အင်အား ၂၀ လောက်က ကပစ ဘက်ကို သွယ်ထားတဲ့ မီးလိုင်းတွေပြင်ဖို့ အကြောင်းပြပြီး တညောင်နယ်တောင်ဘက်ကို ဆည်မြောင်းလမ်းအတိုင်း တက်လာကြပြီးတော့ မကျီးစင်ရွာကို ဝင်ဒုက္ခပေးတာပဲ။ ရွာမှာ စခ တွေဒုက္ခပေးတော့ ရွာထဲက တချို့ပြည်သူတွေ ထွက်ပြေးလာကြတယ်။ သူတို့ပြောတာတော့ အသက် ၅၀ လောက်ရှိတဲ့ အမျိုးသမီး ၁ ယောက် ပစ်သတ်ခံထားရပြီးတော့ ရွာထဲက လူ ၂၀၊ ၃၀ လောက်ကိုလည်း ဖမ်းထားပြီး နှိပ်စက်နေကြတယ်။ အဲဒီထဲက အမျိုးသမီး ၂ ယောက်ကို အဓမ္မကျင့်ကြတယ်။ အဖမ်းခံထားရတဲ့ လူလတ်ပိုင်း အမျိုးသားတယောက်ကို စစ်သားတယောက်က ပါးစပ်ထဲ သေးပန်းထည့်တာတဲ့” လို့ ပြောပါတယ်။
တညောင်လျှပ်စစ်ရုံးကနေ စစ်ကြောင်းထွက်လာချိန်ကစလို့ လမ်းကြောင်းတလျှောက်ရှိတဲ့ ပြည်သူတွေအနေနဲ့ ရှောင်ရှားနိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြိုတင် အသိပေးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
တညောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့တွေဘက်က ကြိုတင်သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကံဆွယ်၊ စည်ဆွဲနဲ့ စမ်းကလေးရွာတွေက ပြည်သူတွေ ရှောင်ချိန်ရလိုက်တယ်။ ဒါပေမဲ့ မကျီးစင်ရွာကလူတွေ မရှောင်ကြဘူးလေ။ ကြိုတင်သတိပေးထားတာကို မရှောင်ကြတော့ ပြည်သူကို ရန်သူလို ထင်နေတဲ့ကောင်တွေရဲ့ နှိပ်စက်တာခံရတာပေါ့ဗျ။ ရွာကို မီးရှို့တာတော့ မရှိသေးဘူး။ စခ တွေ အဲဒီရွာထဲမှာ ရှိနေသေးတော့ ဖမ်းခံထားရတဲ့ ပြည်သူတွေရဲ့အခြေအနေလည်း အတိအကျ မသိသေးဘူး။ ပြီးတော့ သူတို့မှာ ဂျန်မာတွေလည်း ပါလာကြတယ်” လို့ DVB ကို ပြောပါတယ်။
မကျီးစင်ကျေးရွာအတွင်း ရောက်ရှိနေကြတဲ့ စစ်ကြောင်းဟာ ဇွန် ၁၂ ရက် ညဦးပိုင်းအထိ ကျေးရွာအတွင်း တပ်စွဲနေကြပြီး အင်အား ၃၀ နီးပါးနဲ့ RPG အပါအဝင် လက်နက်ခဲယမ်းတွေ ထပ်မံဖြည့်တင်းနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ထပ်မံဖြည့်တင်းနေပြီး အင်အား ၅၀ နီးပါးရှိသွားတဲ့ အနီးအနား ကျေးရွာတွေဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်နိုင်တာကြောင့် နှစ်ဖက် တိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ကူလည်း ရောက်ရှိလာနိုင်လို့ ဒေသခံပြည်သူတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











