
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကို သြဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စလင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် “စလင်းမြို့နယ် မြောက်ဘက် ၁၅ မိုင်လောက်ဝေးတဲ့ တောင်ဘိုကြီးရွာနဲ့ ဇီးဖြူပင်ရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ မကွေးလေတပ်က တက်လာတဲ့ K-8W အမျိုးအစား ဂျက်ဖိုက်တာနဲ့ တရွာပြီးတရွာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်စီ ပြုလုပ်သွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တောင်ဘိုကျေးရွာက အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“တောင်ဘိုရွာက ဒေါ်အမာရီ နဲ့ ဒေါ်နီ တို့ ၂ ယောက် သေဆုံးသွားပြီးတော့ ဒဏ်ရာရသူ ၅ ယောက်ရှိပါတယ်။ နွား ၅ ကောင်လည်းသေဆုံးပြီးတော့ အိမ် ၆ လုံးလည်း ပျက်စီးသွားပါတယ်။ ဇီးဖြူပင်ရွာကတော့ စာသင်ကျောင်းနား အကြဲခံရတာမှာ အိမ် ၁ လုံး ပျက်စီးပြီးတော့ ပြည်သူထိခိုက်မှု မရှိပါဘူး။”
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက် ညနေကလည်း စလင်းမြို့နယ်ထဲက ရွှေကူကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့သလို နွား ၂ ကောင်လည်း သေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
စလင်းမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို အထူးသတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။
Photo : ရဲဘော်မိုး










