DVB Logo
Home
မြန်မာသတင်း
စည်သူပလပ်ကျွတ်က မြန်မာလုပ်သား ၃၀၀ ကျော်ထံက ငွေကြေး အလွဲသုံးစားလုပ် 
DVB
·
January 22, 2026
စည်သူပလပ်ကျွတ်က မြန်မာလုပ်သား ၃၀၀ ကျော်ထံက ငွေကြေး အလွဲသုံးစားလုပ် 
Donate to DVB

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၃၀၀ ကျော်ကို ပန်းရောင်ကတ်(ဘတ်) တင်ပေးမယ်ဆိုကာ ဟာသ သရုပ်ဆောင် စည်သူပလပ်ကျွတ်က အခကြေးငွေယူထားပြီး လက်ရှိမှာ အလုပ်သမားတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတယ်လို့ ကာယကံရှင် လုပ်သားတွေက ပြောပါတယ်။

ပန်းရောင်ကတ် အထောက်အထား လုပ်ပေးမယ် ဆိုပြီး စည်သူပလပ်ကျွတ်က အလုပ်သမား တယောက်ကို ဘတ် ၇,၀၀၀ ဝန်းကျင်ကနေ ၁၃,၀၀၀ ကျော်အထိ တောင်းခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်က စတင်ကာ ဖုန်း၊ မက်ဆေ့ချ် အပါအဝင် ဘယ်လိုမှ ဆက်သွယ်မရတော့ဘူးလို့ ဆိုပါတယ်။

ကာယကံရှင် အလုပ်သမားတယောက်က “လက်ရှိ အခြေအနေကတော့ သူက အခုက ရှောင်ပြေးနေတာပေါ့။ ကျနော်တို့ ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ ကျနော်တို့ကို ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိဘူး။ သူပြောတဲ့ သူ့ ၅ သန်း သူဌေးရုံးနဲ့ပဲ ဆက်သွယ်ထားတယ်။ ဒါပေမဲ့ သူက ကျနော်တို့ဆီက ပိုက်ဆံအကြေကောက်ပြီး ရုံးကိုကျတော့ ပိုက်ဆံမသွင်းထားဘူး။ ပြီးတော့ ရုံးမှာလည်း ဘော်ထော် ၅၀ ထွက်ပြီးသားလေ။ ကျနော်တို့က သူ့ကို ပိုက်ဆံသွင်းထားတာက ပထမတုန်းက စပေါ်ငွေ ဘတ်တင်ဖို့ ၁,၀၀၀ သွင်းထားတယ်။ နောက်တော့ ဘော်ထော် ၅၀ ထွက်ပြီး work permit ဖွင့်ပြီဆိုတော့ ၇,၅၀၀ အပြတ်ပေးလိုက်တယ်။ ကုမ္ပဏီက ဘယ်လို အကြောင်းပြန်လဲဆိုတော့ သူ့ကို ငွေလွှဲထားတဲ့ စလစ် ပြနိုင်ရင် ရမယ်လို့ ပြောတယ်။ ကျနော်တို့က မပြနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကို အပြင်က ပေးထားတာမလို့လေ”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စည်သူပလပ်ကျွတ်က သူ့ရဲ့ TikTok အကောင့်မှာ လောင်းကစား လုပ်မိတဲ့အတွက် ဘတ် ၁ သိန်းကျော် ငွေကြေးဆုံးရှုံးခဲ့ကြောင်း၊ ထိုင်းနိုင်ငံရှိ ဘတ် ၅ သန်း ကုမ္ပဏီ ရဲ့ ကိုယ်စားလှယ်အဖြစ် သူက အလုပ်လုပ်ကိုင်ခဲ့ကြောင်း ဖြေရှင်းထားပါတယ်။

လိမ်လည်ခံရသူ အများစုဟာ ဆောက်လုပ်ရေးအလုပ်သမားတွေ ဖြစ်ကြပြီး၊ လက်ရှိမှာ လက်ဗွေနှိပ်တာ၊ သွေးစစ်တာ စတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ စည်သူပလပ်ကျွတ်နဲ့ ဆက်သွယ်မရတာကြောင့် အထောက်အထား အချိန်မီ မရမှာကို စိုးရိမ် ပူပန်နေကြပါတယ်။

MHAC  အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “အလုပ်သမား‌တွေကို ရှင်းရှင်းပြောရင် ဒီငွေတွေ သွင်းရမဲ့အချိန်မှာ မသွင်းနိုင်လို့ ထွက်ပြေးတာပဲ။ အဲဒီမှာတင် ထုံးစံအတိုင်း လျှောက်ပြောပြီး မျက်ရည်ချူ၊ ဒရာမာတွေ ခင်းပြီး လျှောက်ပြောနေတဲ့ သဘောပဲ။ အဓိကတော့ လောင်းကစားတွေ လုပ်လိုက်တဲ့အတွက် ဒီငွေကို မသွင်းနိုင်တော့တာ။ ပြီးတော့ သူ့ကုမ္ပဏီသူဌေးတွေရော ဘာတွေ အကြောင်းပြ၊ သူ့ ကုမ္ပဏီ သူဌေး ဘယ်လိုလဲ၊ ဘာလဲ ကိုရဲမင်းတို့ စိတ်မဝင်စားဘူး။ သူ့ကုမ္ပဏီ သူဌေးကောင်းခြင်း၊ မကောင်းခြင်း ကိုရဲမင်းတို့ မသိဘူး။ ဒါပေမဲ့ ဒီအလုပ်သမားတွေရဲ့ ပိုက်ဆံကို သူကောက်ထားတာ သူတာဝန်ယူထားတာ ဖြစ်တဲ့အတွက် ဒီကိစ္စကို စည်သူပလပ်ကျွတ် မဖြစ်မနေ ရှင်းရမှာ။ ကုမ္ပဏီဘက်ကလည်း မသက်ဆိုင်ဘူးလားဆိုတော့ သက်ဆိုင်တယ်။ သူတို့ သွင်းထားတဲ့ ငွေနဲ့အတူ ကျန်တဲ့ငွေက ဘယ်လောက်လဲ။ ဒီအလုပ်သမားတွေကို နေထိုင်ခွင့် အထောက်အထားတွေကို အလုပ်သမားတွေဘက်က ပိုက်ဆံသွင်းတယ်ဆိုရင် ကုမ္ပဏီဘက်က တတ်နိုင်သလောက် လုပ်ပေးဖို့ တာဝန်ရှိတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သရုပ်ဆောင် စည်သူပလပ်ကျွတ်ကို DVB က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေဟာ မြန်မာအချင်းချင်း လိမ်လည်တဲ့ ပွဲစားတွေကြောင့် အခုလို ငွေကြေး လိမ်လည်ခံရတာတွေ မကြာခဏ ကြုံနေရပြီး၊ ဒီလို မကြုံရအောင် ယုံကြည်စိတ်ချရသူတွေနဲ့သာ လုပ်ကိုင်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။

ထိုင်းမှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာအရေအတွက် ၇ သန်းနီးပါး ရှိနေပြီး၊ အဲဒီထဲမှာ အထောက်အထားရှိတဲ့ အလုပ်သမားဦးရေက ၃ သန်း ဝန်းကျင်ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောပါတယ်။ 

 ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013