
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Yaw Revolution Army (YRA ထီးလင်း) က ဇန်နဝါရီလ ၂၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
YRA ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့သူက တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၅ က ကိုယ်ပိုင်အမှတ် ပစ/၁၅၈၄၀၈ တပ်သားသစ် အောင်ကျော်မင်း ပါ” လို့ ပြောပါတယ်။
တပ်သားသစ် အောင်ကျော်မင်း ဟာ MA3 သေနတ် ၁ လက်နဲ့အတူ MA3 ကျည်အတောင့် ၅၀ နီးပါးတို့ကိုလည်း ယူဆောင်လာတာလို့ ဆိုပါတယ်။
“သူ့ဇာတိကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ထဲကပါ။ အခုလ ၁၃ ရက်နေ့ကမှ Mi17 ရဟတ်ယာဥ်နဲ့ ထီးလင်းကို အပို့ခံခဲ့ရပြီး တပတ်အကြာ ၂၀ ရက်နေ့မှာ ကျနော်တို့အဖွဲ့ဆီကို ချိတ်ဆက် အလင်းဝင်လာခဲ့သူပါ။ ဆုကြေးငွေပေးအပ်နိုင်ဖို့လို့ ဆက်လက်စီစဥ်ဆောင်ရွက်နေပြီး ဆုကြေးငွေပေးအပ်ပြီးရင်တော့ သူ့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမှာပါ´´ လို့ YRA ထီးလင်းရဲ့တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
YRA ထီးလင်းဆီကို အလင်းဝင်လာသူတွေဟာ ကိုအောင်ကျော်မင်း အပါအဝင် ၈ ယောက်အထိ ရှိနေပြီး အလင်းဝင်လာသူတွေရဲ့ ဆန္ဒတွေအတိုင်း စီစဥ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ယောဒေသအတွင်း ရောက်ရှိနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ယောဒေသ အခြေစိုက် YRA ထီးလင်း အပါအဝင် အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက် အလင်းဝင်ရောက်ကြဖို့လည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။










