
စစ်မှုထမ်းကာလ ၂ နှစ်ပြည့်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တာဝန်ထမ်းဆောင်ဖို့ စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်ထဲက တချို့က အိမ်ပြန်ခွင့်မရဘဲ ဆက်လက် တာဝန်ထမ်းဆောင်နေရဆဲ ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၄ ဇွန် ၂၆ ရက်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်းပြီးကာ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ အခု ၂၀၂၆ ဇွန် ၂၈ ရက်မှာ စစ်မှုထမ်းကာ ပြီးဆုံးပြီး အိမ်ပြန်ခွင့်ရရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အပတ်စဉ် ၃ က ပြည်သူ့စစ်မှုထမ်း တပ်သားတချို့ကတော့ အကြောင်းအမျိုးမျိုးပြကာ အိမ်ပြန်ခွင့်ရမဲ့ စာရင်းထဲ မပါဝင်တာကြောင့် မိသားစုဝင်တွေက စိတ်ပူပန်ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အပတ်စဉ် ၃ ကပါ၊ သင်တန်း ၃ လ တက်ခိုင်းပြီး ဧရာဝတီတိုင်း ဖျာပုံ ၉၈ တပ်ကို တာဝန်ချခံရတယ်။ နောက်တန်းလုံခြုံရေးလို့ ပြောပြီး ခေါ်သွားတာ။ စစ်မှုထမ်းကာလက ပြီးပြီလေ ဒီလထဲမှာ၊ တချို့တွေ အိမ်ပြန်ဖို့ နာမည်စာရင်းတွေ ကျနေပြီဟာကို။ သူတို့ကိုကျတော့ ဒီ ၆ လပိုင်းထဲမှာ သာပေါင်းဘက်ကို ပြန်ခေါ်သွားတယ်။ ဘယ်လောက် ထပ်တာဝန်ထမ်းရမယ်ဆိုတာလဲ တိတိပပ မပြောဘူး၊ မေးတော့လည်း သေချာမဖြေပေးကြဘူး။ သေမဲ့အထိ ခိုင်းမဲ့ပုံစံနဲ့။ ပြောတော့သာ ပစ ပေမဲ့ သန္ဓေတပ်သား ပုံစံလိုမျိုး ခိုင်းနေတာ။ အဓိက သိချင်တာ ၂ နှစ် ပြည့်ပြီဆိုတော့ ဘယ်တော့ထွက်ရမှာလဲ၊ တာဝန်ထမ်းရမယ် ဆိုရင်လည်း ဘယ်လောက်ထိ ထပ်ခိုင်းမှာလဲ ဆိုတာ သိချင်တယ်။ ကယ်လို့ရရင် ကယ်ပေးပါဦးဗျာ။”
အဲဒီ အပတ်စဉ် ၃ က စစ်မှုထမ်းတပ်သားသစ်တွေဟာ ၂၀၂၅ ခုနှစ်တွင်းက ရခိုင်ပြည်နယ်ထဲက ရှေ့တန်းစစ်မျက်နှာပြင်တွေအထိ စေလွှတ်တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ ကြိုတင်အကြောင်းကြားထားတာ မရှိဘဲ ဧရာဝတီတိုင်းထဲက စစ်မျက်နှာပြင်ဆီ တာဝန် ထမ်းစေတာ ဖြစ်ပါတယ်။
နေထိုင်စားသောက်ရေး အခက်အခဲတွေကြောင့် စစ်မှုထမ်း တပ်သားသစ်တွေဟာ ဆိုးဝါးတဲ့ ကျန်းမာရေး ထိခိုက်မှုတွေကိုလည်း ကြုံနေရတယ်လို့ ဖြည့်ပြောပါတယ်။ ဒီအခြေအနေတွေက စစ်တပ်ရဲ့ တပ်အင်အားလိုအပ်ချက်တွေကြောင့် ဖြစ်နိုင်ကြောင်း MDSI က စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးကလည်း ပြောပါတယ်။
“တချို့တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တချို့တွေမှာ ပြန်မလွှတ်ဘဲနဲ့ ဆက်ဆွဲခေါ်ထားတာကတော့ အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ အဓိကကျတဲ့ အချက်ကတော့ သူတို့တပ်တွေမှာ အင်အားက လိုအပ်နေဆဲ ဖြစ်တယ်၊ အင်အားမပြည့်ဝဘူး။ ဒါကြောင့် ဒီစစ်မှုထမ်းတွေကို ပြန်မလွှတ်ဘဲနဲ့ အကြောင်းအမျိုးမျိုး ပြပြီးတော့မှ လုပ်ငန်းတင်ပြထားတာ မပြီးပြတ်သေးလို့ စသည်ဖြင့် ရုံးလုပ်ငန်းဆောင်ရွက်ဖို့ ကျန်နေသေးလို့ စသော အကြောင်းကြောင့်ပေါ့နော်။ ပြန်ခွင့်ရတဲ့လူ၊ ပြန်လွှတ်တဲ့လူလည်း ရှိတယ်လို့ အစ်ကိုတို့ ပြောလို့ရပါတယ်။ ပြန်မလွှတ်ဘဲ စစ်တပ်တွေမှာ ဆက်ထိန်းထားတဲ့ လူတွေလည်း ရှိနေတယ် ဆိုတာကိုတော့ ကြားသိရတယ်ပေါ့နော်။ တချို့တပ်ရင်း တပ်ဖွဲ့တွေမှာဆိုလည်း အင်အားနည်းတယ်၊ ပြန်မလွှတ်နိုင်ဘူး။ ပြန်မလွှတ်နိုင်တဲ့အခါမှာ ဒီလူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီးတော့မှ စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်မပေးဘဲနဲ့ တပ်တွေမှာ ဆက်လက်ထိန်းထားပြီးတော့မှ ဆက်ဆွဲထားတဲ့ အခြေအနေတွေလည်း ရှိနေတယ်ပေါ့။ တပ်တွင်းကနေလည်း အဲဒီသတင်းတွေ အစ်ကိုတို့ ကြားရတာရှိတယ်။”
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်မှာ လစဥ် ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄,၇၀၀ လောက်နဲ့ အခြေခံတပ်သားသစ် ခန့်မှန်း ၄၀၀ ဝန်းကျင်နဲ့ စုဆောင်းခဲ့တာဆိုရင် ၂၀၂၅ တနှစ်တာ အတွင်းမှာတင် စစ်မှုထမ်းတပ်သား အင်အား ၆၀,၀၀၀ ကျော်ကို စုဆောင်းရခဲ့ပြီး အဲဒီ တပ်သားသစ်အရေအတွက်က စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ် စုရအင်အားထက် ၆ ဆအထိ ဖြစ်ကြောင်း မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြု့ရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။










