DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာ ၁ ဦးက ရည်းစားကိုသတ်ပြီး ထွက်ပြေးလွတ်မြောက်နေ
DVB
·
January 22, 2026
ဘန်ကောက်တွင် မြန်မာ ၁ ဦးက ရည်းစားကိုသတ်ပြီး ထွက်ပြေးလွတ်မြောက်နေ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ခွန်ထိန်းနယ်မြေထဲမှာ ဇန်နဝါရီ ၂၁ ရက်က မြန်မာလုပ်သားတယောက်က ရည်းစားဟောင်းကို ကျောက်လှည့်နဲ့ ထိုးသတ်ပြီး ထွက်ပြေးလွတ် မြောက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မနေ့ မနက် ၁၀ နာရီခွဲလောက်က ဘန်ခွန်ထိန်းနယ်မြေ ဆမဲဒမ်ရပ်ကွက် ဆဒ်မုံးခုံး လမ်းသွယ် ၂ ရှိ အလုပ်သမားတိုက်ခန်းတခုထဲမှာ သေဆုံးနေတဲ့ အမျိုးသမီးတယောက်အလောင်း တွေ့ ရှိကြောင်း တိုင်ကြားချက်ရရှိတာကြောင့် မှုခင်းဆရာဝန်၊ သက်သေစစ်ဆေးရေး ရဲတပ်ဖွဲ့တွေနဲ့အတူ သွား‌ရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ခွန်ထိန်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။  

အခင်းဖြစ်နေရာ အခန်းထဲမှာ အဆိုပါအမျိုးသမီးအလောင်းကို စောင်တွေနဲ့ဖုံးထားပြီး၊ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အနေအထားတွေ တွေ့ရတယ်၊ စောင်ကိုလှပ်ကြည့်ရာမှာ လည်ပင်း ညှစ်ခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာ ချွန်ထက်သောအရာနဲ့ ထိုးသွင်းရာ ၃ ခု တွေ့ရတယ်၊ အနီးနားမှာ ၁ ပေခန့်ရှည်လျားတဲ့ ဝက်အူလှည့် ကျောက်လှည့်တချောင်း တွေ့ပြီး မိန်းကလေးဟာ  အဆိုပါကျောက်လှည့်နဲ့ ထိုးသွင်းခံရတာဖြစ်နိုင်တယ်၊ လည်ပင်းညှစ်ခံရတာကြောင့် အသက်ရှူမရဘဲ သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ 

တိုက်ခန်းဘေးက နေထိုင်သူတွေ ထွက်ဆိုချက်အရ သေဆုံးသူမှာ အသက် ၂၇ နှစ်ရွယ် မြန်မာအမျိုးသမီး ကြူကြူဝင်း (ထိုင်းအသံထွက်ခန့်မှန်း) ဆိုသူဖြစ်ပြီး ရည်းစားဖြစ်သူ ကျော် မင်းနိုင် (၃၇ နှစ်) နဲ့  ပြတ်သွားတာ မကြာသေးဘူး၊ ကျော်မင်းနိုင်က သူနဲ့ ပြန်ပေါင်းဖို့ ပြန်ချော့နေတယ်၊ အဲဒီနေ့ မနက်ကလည်း ပြန်လာချော့တယ်၊ ဒါပေမဲ့ မိန်းကလေးက လက်မခံတော့ ရန်ဖြစ်ကြတယ်၊ ရန်ဖြစ်သံကျယ်လောင်တော့ အခန်းချင်းကပ်လျက်က အလုပ်သမားတွေက ဖျန်ဖြေဖို့ရောက်လာတယ်၊ ဒါပေမဲ့ ကျော်မင်းနိုင်က သူတို့ကိစ္စ ဝင်မရှုတ်နဲ့လို့အော်ပြီး အခန်းတံခါးလည်း အထဲကနေ ဂျက်ထိုးထားတာကြောင့် ဝင်လို့မရဘူးလို့ ဆိုပါတယ်။ 

ခဏအကြာ အသံတွေငြိမ်သွားတော့ သူတို့ချင်းပြေလည်သွားပြီလို့ထင်တယ်၊ အလုပ်သ မားတွေလည်း အလုပ်ဆင်းဖို့ ပြင်ဆင်ကြတယ်၊ ဒါပေမဲ့ မကြူကြူဝင်းက ခါတိုင်းလို အလုပ်မဆင်းဘူး၊ အော်ခေါ်လဲ မထူးဘူး၊ ဒါကြောင့် အလုပ်သမားတွေက တံခါးဖျက်ပြီး အထဲဝင်ကြည့်တာမှာ အလောင်းကိုတွေ့လို့ တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာလို့ ပြောပါတယ်။

လူသတ်သမားထွက်သွားတဲ့ လမ်းကြောင်းတွေကို တာဝန်ရှိသူတွေက  စီစီကင်မရာတွေ ဖွင့်ပြီး စစ်ဆေးကြည့်ရှုနေတယ်။ သူဟာ နယ်စပ်ဘက်ကနေ တဘက်နိုင်ငံသို့ တိမ်းရှောင်သွားမှာ စိုးရိမ်တဲ့အတွက် လမ်းကြောင်းတလျှောက် နဲ့ နယ်စပ်တလျှောက်က တာဝန်ရှိသူတွေကို ကူညီဖမ်းပေးကြဖို့ ချိတ်ဆက်ပြောဆိုထားတယ်လို့  တာဝန်ရှိသူက ပြောသွားပါတယ်။ 

လတ်တလော ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ မကြာခဏ ခိုက်ရန်ဖြစ်ပွားနေလို့ ထိုင်းလူမျိုးအချို့ရဲ့ ဆန္ဒပြကန့်ကွက်မှုတွေ ခံရတာ၊ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ စစ်ဆေးမှု တင်းကျပ်တာ ခံရချိန် ခုလိုအဖြစ်အပျက် ထပ်မံဖြစ်ပွားခဲ့တာပါ။ 

Source - CH7 HD News / JoCho News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013