DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် လူသတ်မှုနှင့် ပစ်ခတ်မှုကြောင့် မြန်မာများသတိနှင့်နေရန်  တိုက်တွန်း
DVB
·
January 22, 2026
မဲဆောက်တွင် လူသတ်မှုနှင့် ပစ်ခတ်မှုကြောင့် မြန်မာများသတိနှင့်နေရန်  တိုက်တွန်း
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ဒီရက်ပိုင်း မြန်မာလူမျိုးတွေနဲ့ ပတ်သက်တဲ့ လူသတ်မှုနဲ့ ပစ်ခတ်တဲ့ အမှုတွေ ဖြစ်နေတဲ့အတွက် သတိထားနေထိုင်ကြဖို့ မြန်မာလူမျိုးအချင်းချင်း တိုက်တွန်းနိုးဆော်နေ ကြပါတယ်။

မဲဆောက်မြို့မှာနေတဲ့ အွန်လိုင်းမှာလူသိများတဲ့ ဧရာဝတီမဆိုသူဟာ ဇန်နဝါရီ ၁၉ ရက်၊ ည ၁၁ နာရီခွဲလောက်က နေအိမ်ကနေထွက်သွားပြီးနောက် ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာတော့ အသတ်ခံရတဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။ 

သေဆုံးသူရဲ့ ရွှေ၊ ဖုန်းနဲ့ ငွေသားတချို့ကို လူယုခံလိုက်ရပြီး ဦးခေါင်းကို ပြင်းထန်ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားတာလို့ ယူဆထားပြီး လက်ရှိမှတော့ တရားခံကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေ ပါတယ်။ 

ဇန်နဝါရီ ၂၀ ရက်ညနေပိုင်းမှာလည်း မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ Top Form စက်ရုံအနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ပစ်ခတ်ခံရတဲ့ ထိုင်းရဲအရာရှိတယောက်ဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အရေးပေါ်ကြပ်မတ်ကု သဆောင်မှာ ဆေးဝါးကုသမှုခံယူခဲ့ရတယ်လို့ မဲဆောက်မှာနေထိုင်သူ တွေက ပြောပါတယ်။ လက်ရှိမှာတော့ သေနတ်သမားကို ထိုင်းရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေပြီး မဲဆောက်မြို့ကို လုံခြုံရေးတင်းကျပ်ချထားပါတယ်။ 

ထိုင်းမျိုးချစ်အဖွဲ့တွေနဲ့ မြန်မာပြည်က အာဏာသိမ်းစစ်တပ်ကိုထောက်ခံတဲ့ ပေါက်ကိုယ်တော်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ဒီလိုမှုခင်းတွေလည်း မကြာခဏဖြစ်ပွားနေတဲ့အတွက် မဲဆောက် ရောက်မြန်မာတွေကို ထိုင်းလူမျိုးတွေက အမြင်မကြည်မလင်ဖြစ်မှာကို စိုးရိမ်စရာရှိတယ်လို့ မြန်မာအလုပ်သမားအရေးအကူအညီပေးနေသူတွေက ပြောပါတယ်။ 

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းရောက်မြန်မာတွေကို ထိုင်းတွေရဲ့ အမြင်မှာ သူခိုးတွေလိုလို သူတို့ပစ္စည်းတွေကို လုယူမဲ့ သူခိုးတွေလိုလို နောက် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖန်တီးတော့မယ်၊ သူလိုလို အဲ့လိုတွေးကြည့်တာပေါ့။ အနည်းစုပေါ့ နှုတ်ခမ်းမွေး တေးအာချီဝရဲ့ မဲဆောက်ကို ကွင်းဆင်းပြီး စနက်ထိုးခံလိုက်ရတဲ့ အနည်းစုကတော့ အဲ့တာမျိုးရှိမှာ‌ပေါ့။ အခြေအနေ အကျပ်အတည်းတွေက မလိုလားအပ်စွာသောထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့ မဘသတွေနဲ့ မြန်မာနိုင်ငံက ပေါက်ကိုယ်တော် အဖွဲ့တွေ သွားပြီးပူးပေါင်းတဲ့ မသူတော်ချင်း ပေါင်းဖက်တွေ့ကြတဲ့နောက်မှာ ဆက်ကာဆက်ကာဖြစ်တာပါ” လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၂၁ ရက်နေ့လယ်ပိုင်းမှာတော့ ဆေးကုသမှုခံနေတဲ့ ထိုင်းရဲအတွက် လိုအပ်တဲ့သွေးကို မြန်မာလူမျိုးတွေက လှူဒါန်းပေးနေတာ တွေ့ရတယ်လို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ 

ဒါပေမဲ့ တဘက်မှာလည်း ထိုင်း-မြန်မာနယ်စပ်မှာ ခါးပိုက်နှိုက်မှု ဆိုင်ကယ်ခိုးမှုတွေ ဖောက်ထွင်းမှု တွေ များနေတဲ့အတွက် တာ့ခ်ခရိုင် အထူးတပ်ဖွဲ့က ရဲတပ်စိပ်တစိပ်လည်း မဲဆောက်မြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

ဒီလို ရာဇဝတ်မှုတွေများနေတဲ့အတွက် မဲဆောက်မြို့မှာ ည ၈ နာရီနောက်ပိုင်းကစပြီး အပြင်ထွက်သူတွေကို အစစ်အဆေးတင်းကျပ်မယ်လို့ သတင်းတွေထွက်ပေါ် နေတဲ့အတွက်လည်း မဲဆောက်ရောက်မြန်မာတွေက စိုးရိမ်နေကြပါတယ်။ 

မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က “မဲဆောက်မှာရှိတဲ့ အရာရှိတယောက်က သူ့ရဲ့အကောင့်ကနေ အဲ့လိုတင်ထားတာပေါ့။ မြန်မာတယောက်အနေနဲ့ကတော့ အရမ်းကြောက်နေရ၊ အရမ်းလန့်နေရတယ်။ အခုလည်း ကြောက်နေရတယ်၊ အခုဆို ညဘက် ၈ နာရီမထွက်ရတော့ ဘူးဆိုတော့ အရေးကြီးကိစ္စတခုရှိရင်တော့ အပြင်ထွက်ဖို့ စဉ်းစားရမယ်၊ ကောင်းရောင်း ကောင်းဝယ်လုပ်စားပြီး ကောင်းကောင်းမွန်မွန် သွားနေတဲ့သူတွေတောင် အခုလိုအခြေအနေကြောင့် ထိခိုက်မှုတွေ အရမ်းများတယ်ပေါ့နော်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းလူမျိုး ၆၀,၀၀၀ ကျော်သာရှိပြီး ရွှေ့ပြောင်းမြန်မာ ၂ သိန်းခွဲနေထိုင်တယ်လို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေရဲ့ စာရင်းအရ သိရပါတယ်။ 

 သီရိ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013