
ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်တိုက်ပွဲနဲ့ အာရှလမ်းမကြီး တိုက်ပွဲတွေကြောင့် ၄ လကျော်ကြာ စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြပြီး ဆန်ပြတ်လပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။
တိုက်ပွဲတွေအတွင်းကနေ ရက်ရှည် ရှောင်တိမ်းနေကြတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ကျော်ကို ကူညီပေးသူတွေ ရှိပေမဲ့ လုံလောက်မှုမရှိဘဲ လူဦးရေ ၃၀၀ စာအတွက် ဆန်အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မရည်ရည်ဝင်းက "ကော့ကရိတ်တိုက်ပွဲတွေ၊ အာရှလမ်းမကြီးဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဘက်က စစ်ရှောင်လာနေရသူတွေပါ ရက်တွေလတွေ ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာနေကြတာ။ တောထဲအထိ သွားကူညီနေတာ အလှူရှင်တွေ ရှိရင်ရှိသလို သွားပေးနေတာ။ ခုလောလောဆယ်မှာ မိသားစုဝင် ၃၀၀ လောက်အတွက် ဆန်အဓိကလိုအပ်နေသေးတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ဒုတိယအပတ်မှာ ကော့ကရိတ်မြို့နယ်ထဲက တောတောင်တွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်တယောက်ကို ဆန် ၁၅ ကီလို ၁ အိတ်၊ စောင်၊ ဆီဘူးသေး တဘူး၊ ငါးသေတ္တာနဲ့ ငါးခြောက်အသေးတွေ သွားလှူဒါန်းပေးခဲ့ပေမဲ့ စစ်ရှောင်အားလုံးကို မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
လူဦးရေ ၁,၀၀၀ ကျော်လောက်ဟာ မြဝတီမြို့နယ်နဲ့ ထိုင်းအစပ်တွေမှာ နေရာတွေခွဲကာ စစ်ရှောင်နေကြရပြီး ရက်ကြာလာတာနဲ့အမျှ စားဝတ်နေရေးခက်ခဲလာကာ တောထဲအထိ သွား ကူညီနေပေမဲ့ အကူအညီတွေ လိုအပ်နေတုန်းပဲလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်မှာ ဒေသအသီးသီးကနေ စစ်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ကြဘဲ တောထဲကနေရာတချို့မှာ စစ်ဘေးရှောင်ကြသူတွေ အများအပြားရှိနေပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ကော့ကရိတ်မြို့မြောက်ပိုင်းနဲ့ မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပါ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
လင်းအိမ်











