DVB Logo
Home
မြန်မာသတင်း
စစ်တပ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရွေးကောက်ပွဲအတုဖြင့် ဖုံးကွယ်မရနိုင်ဟု သံအမတ်ကြီး ပြော  
DVB
·
January 21, 2026
စစ်တပ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရွေးကောက်ပွဲအတုဖြင့် ဖုံးကွယ်မရနိုင်ဟု သံအမတ်ကြီး ပြော  
Donate to DVB

အာဏာသိမ်းစစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ်မှာသာမက မြန်မာပြည်သူပြည်သား အားလုံးအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားမဝင်တဲ့ ရွေးကောက်ပွဲအတုတွေနဲ့ ဖုံးကွယ်လို့ မရနိုင်ဘူးလို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂမှာကျင်းပတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပေါ်ပေါက်လာရေးအတွက် အကြိုပြင်ဆင်ရေးကော်မတီရဲ့ ပထအကြိမ် ညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာလို့ ဇန်နဝါရီလ ၂၀ ရက်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူတွေ အပါအဝင် လူပေါင်း ၇,၆၉၅ ယောက်ဟာ အကြမ်းဖက် စစ်တပ်ရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရ ကြောင်း၊ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ၂၃,၂၇၂ မှုကို ကျူးလွန်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု ၉,၀၀၀ ကျော်ကြောင့် လူ ၄,၆၈၃ ယောက် အသက်ဆုံးရှုံးခဲ့ရ ကြောင်း၊ ဒီကိန်းဂဏန်းတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေမှုကို သိသိသာသာ ထင်ဟပ်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲနဲ့ ရာဇဝတ်မှုတွေကို ဖုံးဖိဖို့ ဘယ်လိုပင် ကြိုးပမ်းစေကာမူ အပြည်ပြည်ဆိုင်ရာဥပဒေအရ သူတို့ရဲ့ အပြစ်တွေကို ရှောင်လွှဲလို့ရနိုင်မှာ မဟုတ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု မဖြစ်မနေလိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းဖို့အတွက် ပြစ်ဒဏ်မှ ကင်းလွတ်နေမှုတွေကို တားဆီးကာကွယ်လို့ ထိခိုက်ခံစားခဲ့ရသူတွေအတွက် တရားမျှတမှုကို အချိန်မီ ဖော်ဆောင်ပေးရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက် တရားရင်ဆိုင်နေရတဲ့ အမှုဟာ အဆိုပါအခြေအနေကို လှစ်ဟပြသနေတဲ့ သာဓကကောင်းတခု ဖြစ်ပြီး စစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေကနေ အရေးယူမခံရရေးအတွက် ကြိုးပမ်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013