DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပြီးပါက ပြည်ပအလုပ်ရှာပေးမည် ဆိုသော်လည်း ဖြစ်မလာ
DVB
·
January 21, 2026
စစ်မှုထမ်းပြီးပါက ပြည်ပအလုပ်ရှာပေးမည် ဆိုသော်လည်း ဖြစ်မလာ
Donate to DVB

စစ်မှုထမ်းပြီးတဲ့သူတွေကို ပြည်ပမှာ အလုပ်လုပ်နိုင်အောင် စီစဉ်ပေးမယ်လို့ စစ်ကောင်စီက အာမခံထားပေမဲ့ ပြည်ပနိုင်ငံတွေက လုပ်ငန်းရှင်တွေအနေနဲ့ ခေါ်ယူလိုတဲ့ဆန္ဒ မရှိကြဘူးလို့ ပြည်ပအလုပ်အကိုင် ဈေးကွက်ချိတ်ဆက် ရှာဖွေနေသူတွေက ပြောပါတယ်။

ပြည်ပကို လုပ်သားစေလွှတ်တဲ့ လုပ်ငန်းစဥ်ကို ထိန်းချုပ်ကန့်သတ်ထားပြီး စစ်မှုထမ်းပြီးသူတွေကို ပြည်ပအလုပ်အကိုင် စီစဥ်ပေးမယ်ဆိုတာ အပြောသက်သက်ပဲဖြစ်ပြီး လက်ခံမဲ့အလုပ်ရှင်ရှိမှ ဖြစ်မဲ့ကိစ္စလို့ အေဂျင်စီတခုရဲ့ ပြည်ပလုပ်သားဈေးကွက် ရှာဖွေရေး တာဝန်ယူထားသူ တယောက်က ပြောပါတယ်။

“ပြည်ပက မိတ်ဖက်တွေကို တီးခေါက်ကြည့်တော့ သူတို့ လုံးဝမလိုလားဘူး။ နောက်ဆက်တွဲ ဖြစ်လာမဲ့ သက်ရောက်မှုက မကောင်းဘူးဆိုတာ သူတို့ သိတယ်။ စစ်ကောင်စီကို သူတို့အစိုးရကတောင် မပတ်သက်တာ လုပ်ငန်းပုံရိပ် အထိအခိုက်ခံပြီး ခေါ်ဖို့မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။”

မြန်မာစစ်တပ်မှာ စစ်မှုထမ်းပြီးသူတွေက အကြမ်းဖက်မှုတွေထဲ ပါဝင်ခဲ့တာဖြစ်လို့ ပြည်ပနိုင်ငံတွေရဲ့ လိုလိုလားလား ခေါ်ယူ အလုပ်အကိုင်အခွင့်အလမ်းပေးမဲ့ အနေအထား မတွေ့ရဘူးလို့ ပြည်ပရောက် စစ်ကောင်စီကို ဆန့်ကျင်နေသူတွေက ပြောပါတယ်။

ယူအေအီးနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူ တယောက်က “ခေါ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေအတွက်တော့ ပြောစရာ ထောက်ပြစရာ ဖြစ်သွားမှာ။ အစကတည်းက စစ်တပ် မိသားစုဆို ပိတ်ဆို့တာတွေရှိတာလေ” လို့ ပြောပါတယ်။

စစ်ကောင်စီက EPS စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံကို သွားမဲ့သူ၊ ကျွမ်းကျင်လုပ်သားအဆင့်နဲ့ သွားမဲ့သူတွေကလွဲရင် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း ယောက်ျားလေးတွေကို ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

အဲဒီလို အခြားသူတွေကို ပြည်ပထွက်ခွင့် ပိတ်ထားပြီး စစ်မှုထမ်းပြီးသူတွေကို စေလွှတ်ခဲ့မယ်ဆိုရင် စစ်ကောင်စီကို အာခံဆန့်ကျင်မှု လုပ်နေကြသူတွေနဲ့ ထိပ်တိုက်တွေ့မဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဆိုပါတယ်။

စစ်ကောင်စီက အခုလို ပြည်ပအလုပ်အကိုင် စီစဉ်ပေးမယ် ဆိုတဲ့ ပြောဆိုမှုမှာ လက်ရှိ စစ်မှုထမ်းနေသူတွေကို အခွင့်ထူးပေးတယ်လို့ မြင်အောင် မက်လုံးပေးတာ ဖြစ်သလို ပြည်ပ ထွက်မရသူတွေ လိုလိုလားလား စစ်မှုထမ်းလာအောင် ဆွဲဆောင်တဲ့သဘော ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

စစ်မှုထမ်းပြီးသူတွေကို ပြည်ပအလုပ်အကိုင်ရရှိအောင် စီစဥ်ပေးဖို့အတွက် စစ်ကောင်စီခန့် အလုပ်သမား ဒုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့လုပ်ငန်းအဖွဲ့ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့က ၂၀၂၅ နိုဝင်ဘာလဆန်းမှာ စစ်မှုထမ်းပြီးသူတွေအတွက် ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်း အစည်းအဝေးလုပ်ခဲ့ပေမဲ့ အခုအချိန်အထိ အေဂျင်စီတွေကို ကြိုတင်ပြင်ဆင်ဖို့ အသိပေး၊ ညွှန်ကြားတာရှိမနေဘူးလို့ အေဂျင်စီတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီမှာ အသက်သွင်းခဲ့ပြီး ဧပြီလမှာ စစ်မှုထမ်းအပတ်စဥ် ၁ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်း အပတ်စဥ် တကြိမ်ကို အယောက် ၅၀၀၀ ခေါ်တာဖြစ်ပြီး စစ်မှုထမ်းသက်တမ်းကို ၂ နှစ် သတ်မှတ်ထားတာဖြစ်လို့ အစောဆုံးအပတ်စဥ်မှာ ပါသူတွေမှာ သက်တမ်းပြည့်ဖို့ လပိုင်းပဲ လိုတော့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်သင်တန်းပြီးတာနဲ့ ရှေ့တန်းပို့ခံရလို့ သေဆုံး၊ ဒဏ်ရာရရှိသူတွေ၊ တော်လှန်ရေးအင်အားစုတွေဆီခိုလှုံတာတွေကြောင့် အင်အားပြုန်းတီးမှု ကြုံနေရတဲ့ စစ်တပ်အနေနဲ့ ကျန်တဲ့သူတွေကို ထပ်မထွက်သွားအောင် မက်လုံးပေးထားကာ သက်တမ်းပြည့်ရင် ထွက်ခွင့်ရဖို့ မသေချာဘူးလို့ စစ်ရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013