DVB Logo
Home
မြန်မာသတင်း
မယ်စဲ့တွင် စစ်သုံ့ပန်းများထွက်ပြေးသဖြင့် မြို့ခံအများစု တိမ်းရှောင်
DVB
·
January 20, 2026
မယ်စဲ့တွင် စစ်သုံ့ပန်းများထွက်ပြေးသဖြင့် မြို့ခံအများစု တိမ်းရှောင်
Donate to DVB

စစ်သုံ့ပန်း ၈၀ ဝန်းကျင်ထွက်ပြေးပြီးတဲ့နောက် ကရင်နီ (ကယား) ပြည်နယ်၊ မယ်စဲ့မြို့ကို စစ်တပ်က ကင်းထောက်လေယာဥ်တွေနဲ့ စောင့်ကြည့်နေပြီး မြို့ခံအများစုကတော့ ထိုင်းဘက်ခြမ်းကို သွားရှောင်နေကြရပါတယ်။ 

ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မယ်စဲ့မြို့မှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အယောက် ၈၀ ကျော် ဇန်နဝါရီ ၁၈ ရက် က ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး အများစုက ထိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၉ ရက် တနေ့လုံးမှာလည်း မယ်စဲ့နဲ့ ဟိုစဲမြို့နယ်ဘက်ကကို စစ်တပ်ရဲ့ ကင်း ထောက်လေယာဥ်တွေ လာဝဲနေတာဖြစ်လို့ လေကြောင်းရန်ရော ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံးပန်းတွေရန်ကိုပါ မြို့ခံတွေ စိုးရိမ်ခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တခြားမြို့နယ်တွေကနေ စစ်လာရှောင်တဲ့ စစ်ရှောင်တွေသာကျန်နေခဲ့ပြီး ရာ အိမ်မှူးတွေက တအိမ်တက်တအိမ်ဆင်း လုံခြုံရေးသတိရှိဖို့နဲ့ မလိုအပ်ဘဲ တောင်ယာတွေ မဆင်းဖို့ လိုက်လံနှိုးဆော်နေတယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။

မယ်စဲ့ဒေသခံတယောက်က “အခုက လေယာဥ်ပဲ စိုးရိမ်နေရတယ်၊ ညဆို ကင်းထောက်တွေ လာဝဲပြီဆိုရင် အခုချိန်လိုမျိုးလာဝဲရင် တချို့တွေဆို တောင်ယာမှာ သွားအိပ်ကြတယ်ပေါ့၊ ရပ်ကွက်ထဲမှာ မအိပ်တော့ဘူး။ ကျင်းခိုပုန်းတွေရှိတဲ့နေရာဆို အဲ့ထဲမှာဝင်နေနေကြတယ်။ ဒေသခံတွေတော့ မရှိတော့ဘူး။ အခုက စစ်ဘေးရှောင်တွေပေါ့နော်၊ ကယားပြည်နယ်ထဲက စစ်ဘေးရှောင်တွေက လာနေနေရတယ်။ ဒေသခံတွေက တချို့ဆို ထိုင်းထဲသွားခိုလှုံပြီးတော့ အဲ့မှာပဲသွားနေနေကြတယ်။”

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလမှာလည်း မယ်စဲ့အကျဥ်းထောင်ကနေ အကျဥ်းသား ၆ ယောက်ထွက် ပြေးခဲ့ဖူးပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဘောလခဲရွာသစ်ဘက်မှာ အဲ့အကျဥ်းသား ၆ ယောက်ကို ပြန်မိခဲ့ပါတယ်။

အခု ဒုတိယအကြိမ်ထောင်ဖောက်မှုမှာ စစ်သုံ့ပန်း ၈၀ ဝန်းကျင် ထပ်မံထွက်ပြေးသွားတာဖြစ်ပြီး ထောင်ဝန်ထမ်းတွေရဲ့ ပူးပေါင်းကြံစည်မှုပါဝင်နေတဲ့အတွက် ကရင်နီလူထုက စစ်အကျဥ်းထောင်တွေရဲ့ လုံခြုံရေးနဲ့ ဝန်ထမ်းခန့်ထားရေးအပိုင်းကို မေးခွန်းထုတ်နေကြပါတယ်။ 

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)  အတွင်းရေးမှူး ၂ ကိုဗညားကတော့ ထောင်ဝန်ထမ်းတွေရဲ့အကူ ညီကြောင့်သာ အခုလို စစ်သုံ့ပန်း ၈၀ ဝန်းကျင်း ထွက်ပြေးနိုင်တာလို့ ပြောပါတယ်။

“ထောင်ဝန်ထမ်း ၂ ယောက်ကလည်း ထောင်ဖောက်ပြေးမှုနဲ့ပတ်သက်ပြီး ဆက်စပ်မှု ရှိနိုင်တယ်ဆိုတာ ကျနော်တို့ မှတ်ချက်ပြုနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းနဲ့တွေနဲ့ အတူပဲလိုက်သွားကြတာ။ ပြီးတော့မှ ဖြစ်စဥ်ထဲမှာ သူတို့ကလည်း အခရာကျတဲ့လူတွေဖြစ်နေတာ ကျနော်တို့ တွေ့ရတယ်။ သူတို့ကိုတော့ အရင် ၂၀၂၃ ခုနှစ်ကတည်းက ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိပြီးတဲ့နောက်ပိုင်းမှာ သူတို့ကို ပြစ်ဒဏ်တွေ ချမှတ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ခေါ်တာက အနရာယ်ရှိလောက်တဲ့ အခြေအနေ မရှိတဲ့အတွက်ကြောင့်မို့ ထောင်လုပ်ငန်းဘက်မှာပဲ ပြန်ပြီးတော့မှ ထောင့်စောင့်အနေနဲ့ တာဝန်ပေးပြီးတော့ ထောင်တွေမှာရှိနေတဲ့ ဝေယျာဝစ္စတွေ ကြီးကြပ်တဲ့နေရာမှာ ကျနော်တို့ပြန်ပြီးတော့ တာဝန်ပေးတယ်။”

ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကိုပြေးနိုင်သလို စစ်တပ်ရှိနေတဲ့ ဖားဆောင်း နဲ့ ဘောလခဲဘက်ကိုလည်း ပြေးနိုင်တဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုဘက်က နယ်စပ်မှာပိတ်ဆို့ပြီး ရှာဖွေနေတယ်လို့ ၂၀၂၀ ခုနှစ်မယ်စဲ့မြို့နယ်ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် ဦးသန်းလင်းလင်းက ပြောပါတယ်။  

“သူတို့ (တလရ တပ်ပေါင်းစု) က လက်ရှိအနေအထားအရ နယ်စပ်စည်းမျဥ်းကိုသွားပြီးတော့မှ ပိတ်ဆို့မှုတွေ လုပ်တယ်၊ ဒီတော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုအဖွဲ့ပေါ့နော်။ နောက်ပြီးတော့ အဓိက ဘောလခဲနဲ့ ဖားဆောင်း မဝင်နိုင်အောင်လည်း ဒီဘက်က တော်လှန်ရေးအင်အားစုများကတော့ ချက်ချင်သွားရောက်ပြီးတော့ ပိတ်ဆို့မှုတွေတော့ရှိနေတယ်။ မနေ့ကအထိ ကြားသိရသလောက်တော့ နယ်စပ်စည်းမျဥ်းမှာတော့ လေး၊ ငါး၊ ဆယ်ဦးလောက် လတ်တလောပေါ့ ထိန်းချုပ်ထားတယ်လို့တော့ ပြောတယ်။”

မယ်စဲ့မြို့နယ်နဲ့ အနီးဆုံး ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်မှာတော့ ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းမှာ မယ်စဲ့ထောင်ကနေ ဖောက်ထွက်ပြေးလာတဲ့ မြန်မာစစ်တပ်ဘက်က အရာရှိအဆင့်ရှိသူတယောက်ကို ဖမ်းမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင်  တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် မြန်မာစစ်သား ၁၀ ယောက်ထပ်မနည်းဟာ ထိုင်းအာဏာပိုင်တွေဆီ လက်နက်ချအဖမ်းခံပြီး မြန်မာစစ်တပ်ဆီ လွဲပြောင်းဖို့ ဆက်သွယ်လာမှုတွေ ရှိနေတာကိုလည်း ထိုင်းသတင်း တွေမှာ ဆက်လက်ဖော်ပြထားပါတယ်။ 

စစ်သုံ့ပန်းတွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မယ်စဲ့အခြေစိုက်တော်လှန်ရေးအင်အားစုဘက်က တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013