
အောက်တိုဘာ ပထမပတ်အတွင်း စစ်အာဏာရှင်တပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို ဝင်ရောက်လာတဲ့ အလင်း၀င်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း ၂၂ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်၊
ထုတ်ပြန်ချက်မှာတော့ အလင်း၀င်လာသူ စစ်သား ၅ ယောက်၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိသူက ၁၇ ယောက် ရှိတယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းမိသူအများစုဟာ ချင်းပြည်နယ်တိုက်ပွဲမှာ ရရှိတာ ဖြစ်ပြီး ဒီထဲက ၁၆ ယောက်ဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ဖော်ပြထားပါတယ်။ ချင်းပြည်နယ် ဘယ်နေရာကနေ ဖမ်းမိလဲဆိုတာ ဖြစ်စဉ်အသေးစိတ်တွေကို ဖော်ပြထားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်အာဏာရှင်တပ်က စစ်သား ၃၅ ယောက် ကရင်ပြည်နယ်မှာ လက်နက်ချ အလင်း၀င်လာတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။
ဒီသတင်းအချက်အလက်တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကနေ ကိုးကား ကောက်ယူထားတာလို့ ပြည်သူ့ပန်းတိုင်က ဖော်ပြပါတယ်။
စစ်မှုထမ်း မဲပေါက်ထားရင် တက္ကသိုလ်ကျောင်းသားတွေ စစ်မှုထမ်းရတော့မယ်။ စစ်အာဏာရှင်တွေဟာ သူတို့စည်းစိမ်နဲ့အာဏာကို ကာကွယ်ဖို့အတွက် ပြည်သူတွေရဲ့အသက်ကို အဆုံးထိ ချနင်းဖို့ ဆုံးဖြတ်ထားကြောင်း သက်သေပြပြီး ဖြစ်လို့ လူငယ်တွေ အသက်ရှင်ရေးအတွက် လွတ်မြောက်နယ်မြေထိ ရောက်အောင်သွားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ ၂၀၂၆ အောက်တိုဘာလ ပထမပတ်အထိ စစ်တပ်က အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၀၅၉ ယောက် ထိရှိတယ်လို့ ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။











