
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ဇန်နဝါရီ ၁၉ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့သာစက်မှု အထွက်နဲ့ ကျွဲဇိမ်ရွာကြားမှာ မိုင်းဆွဲခံရတာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“မိုင်းကွဲတဲ့အသံ ကြားလိုက်ရတာက မနက်ခင်း ၇ နာရီကျော်တဲ့အချိန်မှာ ၂ ကြိမ် ကြားလိုက်ရတာ။ စခ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိလိုက်ရတယ်။ မိုင်းဆွဲခံရပြီး စစ်တပ်ဘက်က ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်တာတွေ ရှိတယ်။ စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးတော့ များလိမ့်မယ် ထင်တယ်။ ကျနော်တို့ အတိအကျတော့ မသိရသေးဘူး။”
အခု တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ နဲ့ ငါန်းဇွန်မြို့နယ် ပကဖ တိုက်နယ် ၃ ဒုတာဝန်ခံ ကိုအောင်သူ ဦးဆောင်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ငါန်းဇွန်မြို့နယ် ပကဖ တိုက်နယ် ၃ ဒုတာဝန်ခံ ကိုအောင်သူက “ကျနော်တို့ မြို့သာစက်မှုဇုန်အထွက် ကျွဲဇိမ်ရွာကုန်းတက်မှာ တနေရာ၊ ကျွဲဇိမ်ရွာလမ်းဆုံမှာ တနေရာ စုစုပေါင်း ၂ နေရာကနေ မိုင်းဆွဲခဲ့တာ။ စစ်တပ်ဘက်က အကျအဆုံး အထိအခိုက်များ ရသွားတယ်။ သေဆုံးဒဏ်ရာရတဲ့ စခ တွေကို ကားပေါ်တင်ပြီး မြို့သာဘက်ကို ပြန်ဆုတ်သွားတာ” လို့ DVB ကို ပြောပါတယ်။
မြို့သာစက်မှုဇုန်ကနေ မြေပြင်စစ်သားအင်အား ၇၀ အပါအဝင် စစ်ကားတန်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး စစ်ကြောင်းထိုးလာတာကို ကြိုတင်သတင်းရတာကြောင့် အခုလို မိုင်းဆွဲနိုင်ခဲ့တာလို့ ဆိုပါတယ်။










