
မကွေးတိုင်း၊ ချောက်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဲယာဥ်တန်းကို ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP ပကဖ) က ပြောပါတယ်။
ဆိပ်ဖြူ ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က “ချောက်မြို့နယ်ထဲမှာ တော်လှန်ရေးရဲဘော် အယောက် ၂၀ ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တဲ့ ရဲအင်အား ၅၀ လောက်က စစ်ကား ၂ စီးနဲ့ ဆိပ်ဖြူကနေ ဆောမြို့ဘက်ကို ထွက်လာတဲ့အချိန် ဆိပ်ဖြူ-ဆော ကားလမ်းပေါ် ဆိပ်ဖြူအထွက်နားမှာ ကြားဖြတ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ကား ၂ စီးထဲက ဒုတိယကားကို ထိပြီး ကားလည်း စုတ်ပြတ်သွားတယ်။ ကားပေါ်ပါလာတဲ့အထဲက ရဲ ၅ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေထဲကလည်း ထပ်သေမဲ့သူတွေ ပါသေးတယ်” လို့ ပြောပါတယ်။
ဒုရဲမှူးကြီး ကျော်သူ ဦးဆောင်ပြီး အင်အား ၁၀၀ ကျော်ပါ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၀ ရက် မနက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့အပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ စလေမြို့ကနေ ဆိပ်ဖြူမြို့ကတဆင့် ကပစ ၂၁ ထဲကို အင်အားဖြည့် သွားရောက်ကြတာလို့ ဆိုပါတယ်။
ဆိပ်ဖြူ ပကဖ တာဝန်ရှိသူတယောက်က “ကျနော်တို့ဘက်က တိုက်ခိုက်ပြီး ၁၀ မိနစ်လောက် အကြာမှာ ၁၀ မိုင်လမ်းခွဲ စစ်တပ်ဂိတ်ဘက်ကနေ စစ်ကူတွေရောက်လာပြီး ပျက်စီးသွားတဲ့ကားရယ်၊ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို လာသယ်သွားတယ်။ နောက် တနာရီလောက်ကြာတော့ ဆိပ်ဖြူဘက်ကနေ အင်အား ၅၀ လောက်က ကား ၃ စီးနဲ့ထွက်လာပြီး ကျောချောင်ကြီး၊ ကျောချောင်လေးရွာတွေဘက်ကို စစ်ကြောင်းလာထိုးပြီးတော့ ညနေပိုင်းမှာ ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ တော်လှန်ရေးရဲဘော်တွေကို စာနာထောက်ထားပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ သွေးမအေးကြဘဲ ဆက်လက်ပါဝင်ပေးကြဖို့လည်း သူက ဆက်ပြောပါတယ်။
အခုတိုက်ခိုက်မှုကိုတော့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP ပကဖ) နဲ့ ပခုက္ကူခရိုင်၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။










