DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့မရှိသဖြင့် တက္ကသိုလ်တက်ခွင့်မရသည့် မြန်မာကျောင်းသား ၁ ဦး အိန္ဒိယတရားရုံးထံ လျှောက်ထား
DVB
·
July 16, 2026
Photo: University of Delhi (File photo)
Photo: University of Delhi (File photo)
Donate to DVB

အိန္ဒိယနိုင်ငံရှိ ဒေလီတက္ကသိုလ်မှာ ပတ်စ်ပို့မရှိလို့ တက္ကသိုလ်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ မြန်မာကျောင်းသားတယောက်က  အိန္ဒိယတရားရုံးကို  ဦးတိုက်လျှောက်ထားတရားစွဲဆိုလိုက်တယ်လို့  The Times of India သတင်းမှာ ဇူလိုင် ၁၀ ရက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ညှဉ်းပန်းခံရမဲ့ ဘေးအန္တရာယ်တွေကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ တရားဝင် အသိအမှတ်ပြု ဒုက္ခသည်အဖြစ် နေထိုင်နေတဲ့ ကျောင်းသားတဦးဟာ ဒေလီတက္ကသိုလ်မှာ ဘွဲ့ကြိုတန်း တက်ရောက်ဖို့ ဝင်ခွင့်လျှောက်ထားရာမှာ ငြင်းပယ်ခံခဲ့ရလို့ တရားပြန်စွဲဆိုလိုက်တာပါ။

ဒီအမှုရဲ့ အဓိကအကျပ်အတည်းကတော့ တရားဝင် အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်တယောက်ဟာ သူ ထွက်ပြေးတိမ်းရှောင်လာခဲ့ရတဲ့ မိခင်နိုင်ငံဆီကနေ ပတ်စ်ပို့ သွားရောက်တောင်းခံဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ အဆိုပါပတ်စ်ပို့ မတင်ပြနိုင်ရုံသက်သက်နဲ့ တက္ကသိုလ်တက်ရောက်ခွင့် အခွင့်အရေးကို ပိတ်ပင်တားဆီးလို့ ရ၊ မရ ဆိုတဲ့ မေးခွန်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု လျှောက်ထားသူ မြန်မာကျောင်းသား ဟင်နရီ ထူးအောင်လင်းဟာ ဘွဲ့ကြိုတန်း ဝင်ခွင့်လျှောက်ထားတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသား မဟုတ်တဲ့ တရားဝင် ပတ်စ်ပို့တခုခု တင်ပြရမယ်ဆိုတဲ့ ဒေလီတက္ကသိုလ်ရဲ့ စည်းမျဉ်းကို စိန်ခေါ်လိုက်တာဖြစ်ပြီး အခုလို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူတွေအပေါ်မှာပါ အဲဒီစည်းမျဉ်းကို အတင်းအကျပ် အသုံးချတာဟာ တဖက်သတ်ဆန်ပြီး ခွဲခြားဆက်ဆံရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒေလီတရားလွှတ်တော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေလီတက္ကသိုလ်ဘက်က တုံ့ပြန်ချက်ပေးဖို့ တောင်းဆိုထားပါတယ်။ 

အမှုကြားနာစစ်ဆေးချိန်အတွင်း တရားရုံးက တက္ကသိုလ်ရဲ့ ရှေ့နေကို “ခင်ဗျားတို့က ဒုက္ခသည် တယောက်ဆီကနေ ပတ်စ်ပို့ကို ဘယ်လိုနည်းနဲ့ မျှော်လင့်နေတာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

တက္ကသိုလ် တာဝန်ရှိသူတွေကတော့ အမှုဟာ တရားရုံးမှာ ရောက်ရှိနေဆဲဖြစ်တာကြောင့် တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

ဟင်နရီရဲ့ ကိုယ်စားလှယ် ရှေ့နေတွေဖြစ်ကြတဲ့ အာရှော့ အာဂါဝေါနဲ့ ကူးမားဥကာ့ရှ်တို့ကတော့ “ဒီလျှောက်ထားချက်ဟာ ဒေလီတက္ကသိုလ်ရဲ့ နိုင်ငံခြားကျောင်းသားမျာဆိုင်ရာ ဝင်ခွင့် လမ်းညွှန်ချက်မှာ ပါရှိတဲ့ ပတ်စ်ပို့တင်ပြရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို စိန်ခေါ်ထားတာပါ။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်တွေရဲ့ သဘာဝအရ မိခင်နိုင်ငံကနေ ဖိနှိပ်ညှဉ်းပန်းခံရလို့ ထွက်ပြေးလာကြတာမို့ အဲဒီနိုင်ငံကနေ ပတ်စ်ပို့ သွားယူဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ဒီစည်းကမ်းဟာ ဒုက္ခသည်တွေကို တရားမဝင် ဖယ်ထုတ်ထားသလို ဖြစ်နေလို့ပါ” လို့ ရှင်းပြပါတယ်။

“တရားရုံးအနေနဲ့ ဒီမတရားတဲ့ စည်းကမ်းချက်ကို ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် လျှော့ပေါ့ စဉ်းစားပေးဖို့ တောင်းဆိုထားပြီး၊ ဟင်နရီ့ကို ပတ်စ်ပို့ပြစရာမလိုဘဲ နိုင်ငံခြားကျောင်းသား အမျိုးအစားအောက်ကနေ ဝင်ခွင့်လျှောက်ထားခွင့်ကို တက္ကသိုလ်ဘက်က ခွင့်ပြုပေးဖို့ ညွှန်ကြားပေးဖို့ လျှောက်ထားထားပါတယ်။” 

အသနားခံစာအရ ဟင်နရီနဲ့ သူ့ရဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကာအကွယ်အောက်မှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဟင်နရီဟာ အိန္ဒိယနိုင်ငံမှာပဲ အထက်တန်းကျောင်းပြီးဆုံးခဲ့တာဖြစ်ပြီး အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒေလီတက္ကသိုလ်မှာ တက်ရောက်ဖို့ လျှောက်ထားခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မေ ၂၈ ရက်မှာ တက္ကသိုလ်ရဲ့ နိုင်ငံခြားကျောင်းသားများဌာနကတဆင့် လျှောက်လွှာတင်ခဲ့ပေမဲ့ ပတ်စ်ပို့မပါလို့ လျှောက်လွှာမပြည့်စုံဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ 

ဒါကြောင့် ဟင်နရီက သူ့ရဲ့ ပတ်စ်ပို့အစား UNHCR က ထုတ်ပေးထားတဲ့ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ကို အစားထိုး အသုံးပြုခွင့်ပေးဖို့ တက္ကသိုလ်ဆီ အကြိမ်ကြိမ် တောင်းဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့တောင်းဆိုချက်ကို တက္ကသိုလ်ဘက်က တစုံတရာ လျှော့ပေါ့ပေးခြင်း မရှိတဲ့အတွက် သူ့လို အခြေအနေမျိုးရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ လုံးဝ မလုပ်ဆောင်နိုင်တဲ့ သတ်မှတ်ချက်ကို တားမြစ်ထားတဲ့အပေါ် တရားမျှတမှုရရှိဖို့ အခုလို တရားလွှတ်တော်ဆီ ဦးတိုက်လျှောက်ထားရတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source:  The Times of India 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013