DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်အလှမောင် အလှမယ်ပြိုင်ပွဲတွင် လီဆူတိုင်းရင်းသားနှင့် ရှမ်းတိုင်းရင်းသူတို့ ရရှိ 
DVB
·
January 19, 2026
ချင်းမိုင်အလှမောင် အလှမယ်ပြိုင်ပွဲတွင် လီဆူတိုင်းရင်းသားနှင့် ရှမ်းတိုင်းရင်းသူတို့ ရရှိ 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆောင်းရာသီပွဲတော်က နှစ်စဉ်ကျင်းပတဲ့ အလှမောင်နဲ့ အလှ မယ်ပြိုင်ပွဲမှာ  ဒီ ၂၀၂၆ ခုနှစ်အတွက်တော့  တောင်ပေါ်ရွာက လီဆူတိုင်းရင်းသားနဲ့  နိုင်ငံမဲ့ဖြစ်ခဲ့သူ ရှမ်းတိုင်းရင်းသူတို့က Mister Chiang Mai 2026 နဲ့  Miss Chiang Mai 2026 ဆုကို အသီးသီး ဆွတ်ခူးသွားပါတယ်။ 

အလှမောင်ပြိုင်ပွဲ နောက်ဆုံး ဆန်ကာတင်ရွေးပွဲကို ဇန်နဝါရီ ၁၁ ရက်ညက ကျင်းပခဲ့ပြီး ပထမဆုကို အသက် ၂၁ နှစ်ရွယ် ရားချန်းရုန့် ဖိုင်းဖနားဆိုသူ လီဆူတိုင်းရင်းသားလေးက ဆွတ်ခူးခဲ့ပါတယ်။ 

ရားချန်းရုန့်မှာ ချင်းမိုင် ရာ့ချဖတ်တက္ကသိုလ် Communication Arts ဘာသာရပ်က ကျောင်း သားဖြစ်ပြီး မွေးရပ်ဇာတိမှာ ချင်းမိုင်ခရိုင် ချိုင်းပကန်းမြို့နဲ့ ကီလိုမီတာ ၃၀ ကျော်ဝေးတဲ့ မဲ့ထလုတ်ဆိုတဲ့ ရွာက ဖြစ်ပါတယ်။ 

မိဘတွေဟာ တောင်ယာလုပ်ကိုင်ပြီး မိုးရာသီမှာ တောထဲမှာ မှိုရှာပြီး ရောင်းရတယ်၊ သူလည်း ကျောင်းအားရက်မှာ မိဘတွေရဲ့ တောင်ယာလုပ်ငန်းတွေ ကူလုပ်တယ်၊ ကျေးလက် သဘာဝအလှတွေနဲ့ ဓာတ်ပုံရိုက်ရင်း သူငယ်ချင်းတွေက လူမှုကွန်ရက်ပေါ် တင်လိုက်ရာမှာ ဓာတ်ပုံဆရာတွေက သဘောကျလို့ ပုံခေါ်ရိုက်ရင်း မောင်ပြိုင်ပွဲစင်မြင့်ပေါ် ရောက်လာတာလို့ ကာယကံရှင်က workpoint tv အင်တာဗျူးမှာ ဖြေသွားပါတယ်။ 

သူဟာ  ၂၀၂၄ ခုနှစ်က China Town Chiangmai အလှမောင်ဆုနဲ့  ၂၀၂၅ ခုနှစ်က လန့်နားဒေသ တောင်ပေါ်တိုင်းရင်းသား အလှမောင်ဆုကိုရခဲ့ပြီး ဒီ ၂၀၂၆ ခုနှစ်မှာတော့ ချင်းမိုင်ခရိုင်တခုလုံးရဲ့ အလှမောင် Mister Chiang Mai  ဆုကို ရခဲ့တာပါ။ 

သူဟာ အချောဆုံး အခန့်ဆုံးယောကျ်ား မဟုတ်ဘူး၊ သာမန်ရွာသားလေးတယောက်ပဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ်၊ ဒါပေမဲ့ တောင်ပေါ်တိုင်းရင်းသားတွေလည်း စင်ပေါ်မှာ တက်နိုင်တယ် ဆိုတာ ပြချင်လို့ ဝင်ပြိုင်တာဖြစ်တယ်၊ အသက်ကြီးရင်တော့ ရွာမှာပဲ တောင်ယာစိုက်ပျိုး အရိုးထုတ်မယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

အဆိုပါဆောင်းရာသီပွဲတော်မှာ ဇန်နဝါရီ ၁၆ ရက်ညကတော့ အလှမယ်ရွေးပွဲ နောက်ဆုံးရက် ကျင်းပခဲ့တယ်၊ အဲဒီပွဲမှာလည်း အသက် ၂၅ နှစ်ရွယ် နောင့်ဖိန့် ခေါ် ကန်ထိဒါး တေချ်ဖတ်ထနားကွန်း ဆိုသူ ရှမ်းတိုင်းရင်းသူက အလှမယ်သရဖူ ဆွတ်ခူးသွားပါတယ်။ 

သူဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်မြို့နယ်ကဖြစ်ပြီး မိဘတွေက ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်တာကြောင့် သူဟာ မွေးကတည်းက ထိုင်းမှတ်ပုံတင် မရှိပါဘူး။ 

ချင်းရိုင်းပရဟိတကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ပညာထူးချွန်သူဖြစ်တယ်၊ ၂၀၁၉ ခုနှစ် အထက်တန်းကျောင်းသူဘဝက အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာလူငယ်များ သိပ္ပံတီထွင်ပြိုင်ပွဲမှာ ထိုင်းလူငယ် ကိုယ်စားပြုအနေနဲ့ သွားပြိုင်ဖို့ အရွေးခံရတယ်၊ ဒါပေမဲ့ သူ့မှာ ထိုင်းမှတ်ပုံတင် မရှိတာကြောင့် နိုင်ငံကူးလက်မှတ် လုပ်လို့မရဘူး၊ ထိုင်းလဝက ခေတ္တအသုံးပြုနိုင်တဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတယ်၊ အမေရိကန်က လက်မခံဘဲ ဗီဇာမထုတ်ပေးဘူး။ ဒါကြောင့် သူဟာ အဲဒီအခွင့်အရေးကို လက်လွှတ်ရဖို့ ဖြစ်လာပါတယ်။ 

သူ့ရဲ့ ထူးချွန်မှုနဲ့ အခက်အခဲဟာ ထိုင်းနိုင်ငံမှာ နာမည်ကျော်သွားတာကြောင့် သူ့ကို ထိုင်းနိုင်ငံသား ပေးဖို့ တောင်းဆိုကြတယ်။ ပြည်ထဲရေးနဲ့ အုပ်ချုပ်ရေးဌာနက ဆန်းစစ်ပြီး နိုင်ငံ့အကျိုးပြုသူများကို မှတ်ပုံတင်ထုတ်ပေးလို့ရတဲ့ ဥပ‌ဒေ ပုဒ်မ ၂၅၅၁ (၇/၂) နဲ့ ထိုင်းနိုင်ငံသားကတ် ထုတ်ပေးလိုက်ပါတယ်။   

ဒါကြောင့် သူဟာ ထိုင်းလူငယ်ကိုယ်စားပြုအဖွဲ့နဲ့အတူ အမေရိကန်နိုင်ငံ “Intel International Science and Engineering Fair 2019 (Intel ISEF) သိပ္ပံတီထွင်ပြိုင်ပွဲမှာ မျိုးစပါး မပျက်စီးအောင် ထိန်းသိမ်းနည်းနဲ့ ဒုတိယဆုရခဲ့ပါတယ်။

အဲဒီနောက် သူဟာ UNHCR က ကျင်းပတဲ့ အာရှပစိဖိတ်‌ဒေသ နိုင်ငံမဲ့ကလေးများရဲ့ ဖွံ့ဖြိုးရေးပြဿနာနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာလည်း နိုင်ငံမဲ့ကလေးများကိုယ်စားလှယ်အနေနဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ 

သူဟာ အထက်တန်းအောင်ပြီး ချင်းမိုင်တက္ကသိုလ်ကနေ ဆေးသိပ္ပံနည်းပညာ ဘာသာရပ်နဲ့ သိပ္ပံဘွဲ့ ရခဲ့တယ်၊ အဲဒီနောက် ချင်းမိုင်ဆေးသိပ္ပံဌာန ပြည်သူ့ကျန်းမာရေးဌာနမှာ Medical technologists အနေနဲ့ နိုင်ငံမဲ့ကလေးများအတွက် Dare to do your dream ဆိုတဲ့ စီမံကိန်းကို ဆောင်ရွက်လျက်ရှိတဲ့အပြင် Master of Public Administration ဘွဲ့ရဖို့ မဟာသိပ္ပံတန်းကို တက်ရောက်နေပါတယ်။ 

သူမဟာ ပညာရေးမှာ ထူးချွန်သလို ရုပ်ရည်လှပချောမောသူ ဖြစ်တာကြောင့် အလှမယ်ရွေးပွဲမှာလည်း ဆုတွေ ရခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ Miss Universe Thailand 2023 အလှမယ် အဖြစ် အရွေးချယ်ခံရပြီး နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာတော့ Top 20 တန်းဝင်ခဲ့တယ်။ ဒီ  ၂၀၂၆ မှာလည်း ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ ထိုင်းနိုင်ငံကြက်ခြေနီအသင်းက ကျင်းပတဲ့ ဆောင်းရာသီပွဲတော် ချင်းမိုင်အလှမယ်ပြိုင်ပွဲမှာ သရဖူထပ်ရခဲ့တာ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ သူက မိခင်ရှမ်းဘာသာစကားနဲ့ ပရိသတ်ကို နှုတ်ဆက်ပြီး ချင်းမိုင်ရဲ့ အလှတရားဟာ လူမျိုးတမျိုးတည်းကြောင့်မဟုတ်ဘဲ မတူကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံတွေကြောင့် လှပနေတာဖြစ်တယ်၊ လူမျိုးစုတိုင်းမှာ ကိုယ်ပိုင်ဝိသေသ လက္ခဏာထူးခြားချက်တွေရှိပြီး ဒါတွေဖော်ထုတ်ကာ ချင်းမိုင်ကို ကမ္ဘာကျော်အောင် ဖော်ဆောင်သွားမယ်လို့ ဒိုင်လူကြီးတွေနဲ့ အမေးအဖြေကဏ္ဍမှာ ‌ဖြေကြားသွားပါတယ်။ 

Source - misschiangmaiofficial FB / mister chiang mai thailand 2026 / ThaiPBS / Workpoint News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013