
ဂွါတီမာလာနိုင်ငံမှာ ထောင်တွင်းအဓိကရုဏ်းတွေနဲ့ ရဲတွေအပေါ် ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတာတွေ ဖြစ်အပြီး ရက် ၃၀ ကြာ ‘တင်းကျပ် ပိတ်ဆို့ဝိုင်းရံမှုအခြေအနေ’ တရပ်ကို အစိုးရက ကြေညာလိုက်ပါတယ်။
အကျဉ်းသားတွေက ဓားစာခံအဖြစ် ဖမ်းထားတဲ့ ထောင်အစောင့်တွေ အမြောက်အမြားကို လုံခြုံရေးတပ်ဖွဲ့တွေက လွှတ်ပေးပြီးတဲ့နောက် အခုလိုကြေညာလိုက်တာလို့ ဂွါတီမာလာသမ္မတ ဘာနာဒို အာရီဗာလိုက ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရဲအရာရှိ ၇ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၁၀ ယောက် ဒဏ်ရာရခဲ့တာပါ။
ဒီကြေညာချက်ဟာ နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝနဲ့ သွားလာလှုပ်ရှားမှုကိုတော့ မကန့်သတ်ဘဲ စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့သာ အာရုံစိုက်မယ်လို့ သမ္မတက အလေးပေးပြောပါတယ်။
ဒါပေမဲ့ ပညာရေးဝန်ကြီး အန်နာဘယ်လာဂျီရာကာက လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ကိုးကားပြီး ဇန်နဝါရီ ၁၉ ရက်မှာ တနိုင်ငံလုံးက သင်တန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
ဂွါတီမာလာဥပဒေအရ တင်းကျပ်ပိတ်ဆို့ဝိုင်းရံမှုအခြေအနေက အများပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အရပ်ဘက်လွတ်လပ်ခွင့်တွေကို ယာယီကန့်သတ်၊ ရပ်ဆိုင်းနိုင်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အာဏာကို တိုးချဲ့နိုင်ပါတယ်။
အဓိကရုဏ်းဖြစ်နေတဲ့ အကျဉ်းသားတွေဟာ ဇန်နဝါရီ ၁၇ ရက် အစောပိုင်းမှာ နိုင်ငံအဆင့် ထောင် ၃ ခုမှာ ဓားစာခံ ၄၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
အစိုးရက အဓိကရုဏ်းတွေအတွက် ဘာရီယို 18 ဂိုဏ်းအပေါ် အပြစ်တင်ခဲ့ပြီး အကျဉ်းထောင်ထဲက သူတို့ရဲ့ အဖွဲ့ဝင် တွေအတွက် ပိုကြီးတဲ့ အခွင့်အရေးတွေကို တွန်းအားပေးနေတယ်လို့ ပြောပါတယ်။
ဘာရီယို 18 ရဲ့ ခေါင်းဆောင် အယ်လ်ဒိုဒပ်ပီကို ဖမ်းထားတဲ့ အကျဉ်းထောင်ကို လုံခြုံရေးတပ်ဖွဲ့တွေက ပြန်ထိန်းချုပ်နိုင်ပြီးတဲ့နောက် နိုင်ငံရဲ့နေရာအတော်များများမှာ ဂိုဏ်းခေါင်းဆောင်တွေရဲ့ အကြမ်းဖက်မှုတွေက ရဲတွေကို ပစ်မှတ်ထားခဲ့ပါတယ်။
အယ်လ်လိုဘိုလို့ လူသိများတဲ့ ဂိုဏ်းခေါင်းဆောင်ကို ပြန်ဖမ်းနိုင်ခဲ့ပါတယ်။ ဂွါတီမာလာတဝန်းက သီးခြားပစ်ခတ်မှုတွေမှာ ရဲအရာရှိ ၂ ယောက် သေဆုံးပြီး တခြားသူ အများအပြား ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ အရေးပေါ်ဌာနတွေက ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
Source: Reuters










