DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်နေ့အတွက် လုံခြုံရေးတင်းကျပ်ပြီး လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေ
အောင်ခန့်
·
October 29, 2026
Photo: CJ
Photo: CJ
Donate to DVB

ကရင်ပြည်နယ်နေ့အတွက် စစ်အာဏာရှင်လက်အောက်ခံ စစ်တပ်၊ BGF၊ ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ အတွင်းစည်း အပြင်စည်းကနေ လုံခြုံရေးယူပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့အပြင် တရားမဝင် လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးနေတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်မှာကျရောက်မဲ့ ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့၊ သီရိကွင်းမှာ စည်ကားအောင် ကျင်းပသွားဖို့ စစ်အာဏာရှင်တပ်ရဲ့ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။

မြို့မိမြို့ဖတယောက်က “လုံခြုံရေးအစီအမံက ထုံးစံအတိုင်းပေါ့။ အပြင်စည်း အတွင်းစည်းပေါ့။ ပြီးခဲ့တဲ့ ၁ ပတ်လောက်တည်းက ကြိုတင်စပြီ။ သူက အတွင်းစည်း အပြင်စည်း ရှိသေးတာကို။ အတွင်စည်း ဆိုတာက မြို့ပတ်ချာလည်ပေါ့။ နောက်အတွင်းစည်းကတော့ မြို့တွင်းပေါ့။ မြို့တွင်းနဲ့ သီရိကွင်း ပတ်ချာလည်ပေါ့။ လက်နက်ကိုင် BGF တွေနဲ့ပေါ့။ အဲဒါတော့ သူတို့ ကြိုပြီးတော့ လုပ်နေပြီ။ နေ့ခင်းကတော့ မြို့ပွိုင့်တွေပါ့။ ဒီ ဘုရားကြီးဝင်းတို့၊ ကော့ကျိုက်ဘက်က လာတာတို့ အိန္နိုဘက်ကလာရင် TDC ၊ လှိုင်းဘွဲ့ဘက်ကလာရင် မဲဘောင်ပေါ့။ လစ်ရင် လစ်သလို ကားပါ ဖမ်းတယ်။ မသိလို့ရှိရင် လုံခြုံရေးကို သတိနဲ့ရှိနေတာပေါ့။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာလည်း ဘားအံမြို့နဲ့အနီးဆုံးဖြစ်တဲ့ သထုံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ဖာပွန်မြို့နယ်အတွင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒါကြောင့် ကရင်ပြည်နယ်နေ့ပွဲတော် နီးလာရင် လုံခြုံရေးတွေ ပိုမိုတင်းကျပ်ဖို့ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “ကရင်ပြည်နယ်နေ့နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးတွေ တင်းကျပ်တယ်။ ကားတွေ ဖမ်းတယ်။ သတိနဲ့သွားနေရတယ်။ လာနေရတယ်။ လုံခြုံရေးက အရင်ကထက် စစ်ဆေးတာတွေ လုပ်လာတယ်။ တကယ်လို့ ပွဲတော်ရက်နီးလာပြီဆိုရင်တော့ အာရှ ဟိုင်းဝေးလမ်းတလျှောက် ကားအဝင်အထွက်တွေပါ တင်းကျပ်မဲ့အနေအထားမျိုးရှိတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၇  ရက်က စတင်ပြီး ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ရာနဲ့ချီ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

တဖက်မှာလည်း ဈေးဆိုင်ခန်း ၁ ခန်းကို လေလံသတ်မှတ်ဈေး ကျပ် ၅၀,၀၀၀ သာရှိပြီး လက်တွေ့မှာ ဆိုင်ခန်း ၁ ခန်းကို ကျပ် ၄ သိန်းကနေ ၅ သိန်းကျော်အထိ ဝယ်ယူရတယ်လို့ တပိုင်တနိုင်ဈေးသည်တွေက ပြောပါတယ်။

ဈေးသည်တယောက်က “ဈေးဆိုင်ခန်းတွေကို သတ်မှတ်နှုန်းထားနဲ့ ပိုမိုကောက်ခံတဲ့အတွက် ဈေးသည်တွေအတွက် အဆင်မပြေကြဘူး။ ကားတွေ၊ ဆိုင်ကယ်တွေ ဖမ်းတော့လည်း ရွာကလူတွေက မလာကြတော့ဘူး။ အရင်တုန်းကလို ပြည်နယ်ပွဲဆိုတာကလည်း သိပ်ပြီးတော့ လူတွေ စည်စည်ကားကား မရှိတော့ဘူး။ အခုလောလောဆယ်တော့ ပြည်နယ်ပွဲကလည်း ဝေးသေးတယ်။ ဈေးဆိုင်ခန်းတွေက ဈေးကြီးတယ်ဆိုပေမဲ့ အရောင်းအဝယ်ဖြစ်လာ မဖြစ်လာ စောင့်ကြည့်ရမှာပေါ့”လို့ ပြောပါတယ်။

ဘားအံမြို့မှာ စစ်မှုထမ်း တပ်သားသစ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ထိုင်းကုန်စည်နဲ့ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေကို နေ့တိုင်းလိုလို ဖမ်းဆီးနေတာကြောင့် ဘားအံမြို့မှာ ခရီးသွားလာသူ နည်းပါးပြီး အရောင်းအဝယ်မကောင်းတာ၊ အလုပ်အကိုင် ရှားပါးတာတွေနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။

အခုလို အခက်အခဲတွေနဲ့ ဆိုင်နေရချိန်  ကရင်ပြည်နယ်နေ့အတွက် ရပ်ကွက်အလိုက် တအိမ်ထောင်ကို ကျပ် ၁၀,၀၀၀ အနည်းဆုံး ကောက်ခံခဲ့ပါတယ်။ 

ငွေကောက်ခံရာမှာ မြို့နယ်နဲ့ ကျေးရွာအုပ်စုအလိုက် တူညီမှုမရှိဘဲ တချို့ မြို့နယ်တွေမှာ တအိမ်ထောင်ကို ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ကောက်ခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013