DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်နေ့ပွဲအတွက် စစ်ရှောင်နှင့် အိမ်ငှားများထံက ငွေကောက်ခံနေ
အောင်ခန့်
·
October 22, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအတွက် မြို့ခံတွေနဲ့အတူ စစ်ရှောင်တွေ၊ အိမ်ငှားနေထိုင်သူတွေပါ ငွေကောက်ခံနေတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

လာမဲ့ နိုဝင်ဘာ ၇ ရက်မှာ ကျရောက်မဲ့ ၇၁ နှစ်ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့ သီရိကွင်းမှာ စည်းကားအောင်ကျင်းပသွားဖို့ စစ်အာဏာရှင် လက်အောက်ခံ ကရင်ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။

အခုလို ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ၊ လှေလှော်ပြိုင်နဲ့ ပွဲပျော်ပွဲရွှင်ပွဲတွေကို ကျင်းပနိုင်ဖို့ ရပ်ကွက်အလိုက် တအိမ်ထောင်ကို ကျပ် ၁၀,၀၀၀ အနည်းဆုံး ကောက်ခံနေပါတယ်။

မြို့မိမြို့ဖတယောက်က “တအိမ်ကို ၁၀,၀၀၀၊ ပြည်နယ်နေ့အတွက်ရယ်၊ လှေပြိုင်ပွဲအတွက်ရယ်၊ အဲခေါင်းစဉ် ၂ ခုနဲ့ ကောက်ပြီးသွားပြီ။ ပြီးခဲ့တဲ့အပတ်ကပဲ ကောက်ပြီးသွားပြီ။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ဘယ်ရပ်ကွက်မှ မလွတ်ဘူး။ (ကျေးရွာတွေ) ပါတယ်။ အကုန်လုံးပါတယ်။ သူကြီးဘုရား ရွာသားကောင်းမှုပေါ့။ အကြွေးထူလို့လည်း မပူတော့ဘူးလေ။ သန်းထူလို့လည်း မယားတော့ဘူး။ (ပြည်သူတွေ) ဒုက္ခရောက်တာပေါ့။ ဒီလောက်ဒုက္ခရောက်တဲ့ကြားထဲမှာ ဒီအကောက်အပိုတွေ လုပ်တယ်။ ဘယ်လိုပြောမလဲ။ ပြောလို့လည်း ဘာမှ မထူးတော့ဘဲဟာ။  ခံပေါ့။ နှစ်ပေါင်း ၆၀ ကျော် ခံလာရပြီးပဲ ထပ်ခံပေါ့။ ဘာသွားပြောလို့ရမလဲ။ ပြောရင် အချုပ်ထဲ ရောက်သွားမှာပေါ့” လို့ ပြောပါတယ်။

ဘားအံမြို့မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက စစ်မှုထမ်းတပ်သားသစ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ထိုင်းကုန်စည်နဲ့ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေကို နေ့တိုင်းလိုလို ဖမ်းဆီးနေပါတယ်။

ဒါကြောင့် ဘားအံမြို့မှာ ခရီးသွားလာသူ နည်းပါးပြီး အရောင်းအဝယ် မကောင်းတာ၊ အလုပ်အကိုင် ရှားပါးတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ စားဝတ်နေရေး မနည်းဖြေရှင်းနေရချိန် ပွဲလမ်းသဘင်တွေအတွက် ငွေကြေးကောက်ခံနေတာကြောင့် အခြေခံလူတန်းစားတွေ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင် ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “အခုလို ပွဲလမ်းသဘင်တွေအတွက် ငွေကြေးတွေ ကောက်ခံနေတဲ့အတွက် မရှိဆင်းရဲသားတွေဆို တနေ့လုပ် တနေ့စားတွေဆိုရင် တနေ့တနေ့ စားဝတ်နေရေးတောင် မနည်းဖြေရှင်းနေရတဲ့အထဲမှာ ဒီလိုမျိုး ပွဲလမ်းသဘင်တွေ ကောက်တဲ့အတွက် ပြည်သူတွေက ကုန်ဈေးနှုန်းတွေကလည်း မြင့်မားတယ်။ ကားတွေ ဆိုင်ကယ်တွေကလည်း ဖမ်းဆီးတယ်။ အလုပ်အကိုင်တွေ အရောင်းအဝယ်တွေကလည်း အဆင်မပြေ။ အဆင်မပြေတဲ့ကြား တနေ့လုပ် တနေ့စားတွေဆိုရင် ဒီလို ငွေကြေးထည့်နေရတဲ့အတွက် အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဘားအံမြို့မှာ လစဉ် ဧည့်စာရင်းတိုင်ကြားခ၊ စစ်မှုထမ်းကြေးအပြင် ကရင်ပြည်နယ်နေ့အတွက် ငွေကောက်ခံတာတွေကြောင့် စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “စစ်ရှောင်တွေကော အိမ်ငှားနေတဲ့သူတွေကောဆို ပိုမိုပြီးတော့ ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆို အိမ်ငှားစရိတ်တွေကလည်း တလနဲ့တလ တနှစ်ထက်တနှစ် ပိုမိုပြီးတော့ အိမ်ဈေးနှုန်းတွေက တက်တယ်။ ကုန်ဈေးနှုန်းတွေကလည်း တက်တယ်။ နောက် စစ်ဘေးလည်း ရှောင်ရတယ်။ အိမ်ငှားနေရတဲ့အတွက် ဒီလိုမျိုး ကောက်ခံတဲ့အတွက် သူတို့ခမျာ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင် ကြုံတွေ့ရတာပေါ့” လို့ ပြောပါတယ်။

ကရင်ပြည်နယ်နေ့အတွက် မြို့နယ်နဲ့ ကျေးရွာအုပ်စုအလိုက် ငွေကောက်ခံရာမှာ တူညီမှုမရှိဘဲ တချို့မြို့နယ်တွေမှာ တအိမ်ထောင်ကို ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ကောက်ခံတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မြို့နယ် ၇ မြို့နယ်၊ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၇၀ ကျော်၊ ကျေးရွာပေါင်း ၂,၀၀၀ ကျော် ရှိတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013