
စစ်ကိုင်း ကောင်းမှုတော်ဘုရားပွဲကို ပြန်လည်ကျင်းပဖို့ စစ်အာဏာရှင်ဘက်က ပြင်ဆင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကောင်းမှုတော်ဘုရားပွဲ မကျင်းပနိုင်တာ ၆ နှစ်ကျော်ကြာခဲ့တာပါ။
စစ်တပ်နဲ့ နီးစပ်သူတယောက်က “ဘုရားပွဲတော်ကို စည်ကားအောင် ကျင်းပသွားမယ်လို့ သိရတယ်။ ဇာတ်ပွဲတွေလည်း ပါမယ် ပြောတယ်။ သူတို့ကတော့ ဒေသတွင်း ပြန်ပြီးတည်ငြိမ်နေပါတယ် ဆိုတဲ့ပုံစံမျိုး ပြမှာပေါ့။ ဘယ်ရက် ကျင်းပမလဲဆိုတာတော့ရက်ကို မသိရသေးဘူး။ ဘုရားပွဲ ပြန်လုပ်မယ်လို့ပဲ သိရတယ်။ လုံခြုံရေးကိုတော့ တင်းကျပ်သွားမယ်” လို့ ပြောပါတယ်။
စစ်ကိုင်းကောင်းမှုတော် ဘုရားပွဲတော်ကို နှစ်စဥ် သီတင်းကျွတ်လပြည့်ပွဲတော်နဲ့ တန်ဆောင်မုန်းလပြည့် (တန်ဆောင်တိုင်) ပွဲတော်လို့ ကျင်းပလေ့ရှိပြီး ရုပ်သေးစင်တွေ၊ လက်ဝှေ့ပွဲတွေနဲ့ ဒေသထွက်ကုန်၊ လယ်ယာသုံးကိရိယာ စတဲ့ ဈေးဆိုင်တွေဖွင့်လှစ်လေ့ရှိပါတယ်။
ဒါ့အပြင် ကောင်းမှုတော်ဘုရားပွဲနဲ့အတူ စစ်ကိုင်းမြို့ရဲ့ ရိုးရာပွဲတော်တခုဖြစ်တဲ့ ဝါကျွတ်အရုဏ်တော်ပွဲကိုလည်း ပြန်လည်ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းကောင်းမှုတော်ဘုရားလို့ လူသိများတဲ့ ရာဇာမဏိစူဠာကောင်းမှုတော်ဘုရားဟာ စစ်ကိုင်းမြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက်အကွာမှာ တည်ရှိပြီး သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။











